Connect with us

MYANMAR

ရန်ကုန်တိုင်းဒေသကြီး၌ ကုန်တင်ယာဥ်မောင်းများနှင့်ယာဥ်နောက်လိုက်များအား COVID- 19 ရောဂါစစ်ဆေးခြင်းများ စတင်ဆောင်ရွက်

ရန်ကုန်မြို့၌ အစားအသောက် ပို့ဆောင်သူ တစ်ဦး စက်ဘီးဖြင့် သွားလာနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီး၌ ကုန်တင်ယာဥ်မောင်းများနှင့်ယာဥ်နောက်လိုက်များအား COVID- 19 ရောဂါစစ်ဆေးခြင်းများကို မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC)တွင် ယနေ့ အောက်တိုဘာ ၄ ရက်တွင် စတင်ဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ထံမှ သိရသည်။ 

UMFCCI မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက “မနေ့က အားချင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အသင်းချုပ် အနေနဲ့ တင်ပြပြီးတော့ ဒါလေးကို မဖြစ်မနေ လုပ်ဖို့ လိုတယ်။ နို့မဟုတ်ရင် ကုန်စည် စီးဆင်းမှုတွေ ရပ်သွားတော့မယ့် အခြေအနေ ရှိတယ်ဆိုတာ တင်ပြတဲ့အခါ တိုင်းဒေသကြီး အစိုးရကနေပြီးတော့ ချက်ချင်း တိုင်းကျန်းမာရေးအဖွဲ့နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး နဲ့ အသင်းချုပ်နဲ့အတူ ညှိနှိုင်းပြီးတော့ Swab စစ်ဖို့ လုပ်တယ်။မနေ့က MCC နေရာကို ယူပြီးတော့ ဒီနေ့ မနက်ကို စပြီးတော့ စစ်ပေးနေပြီ။ လောလောဆယ်တော့ တစ်နေ့ကို လူ ၂၀၀ လောက် စပြီး စစ်ပေးတယ်။ ဒီရက်ပိုင်းမှာကို တိုးပြီးတော့ စစ်ပေးနိုင်အောင်လည်း လုပ်သွားဖို့အတွက်ကို တောက်လျောက် ညှိနှိုင်းပြင်ဆင်နေပါတယ်။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

ကုန်တင်ယာဥ်မောင်းများနှင့်ယာဥ်နောက်လိုက်များအား COVID- 19 ရောဂါစစ်ဆေးခြင်းများ ပြုလုပ်ပြီးနောက် Certificate ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ COVID-19 ရောဂါစစ်ဆေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီး  COVID-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီလမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့်တိုင်းကျန်းမာရေးအဖွဲ့တို့မှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး UMFCCI မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

COVID -19  ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး ဗဟိုကော်မတီမှ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကုန်စည်ဖြတ်ကျော်ပို့ဆောင်ရာတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအရ  ကုန်တင်ယာဥ်မောင်းများနှင့် ယာဥ်နောက်လိုက်များအား COVID- 19 ရောဂါစစ်ဆေးခြင်းများကို ရန်ကုန်တိုင်းဒေသကြီး၌ ယနေ့ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)