Connect with us

MYANMAR

COVID-19 ကာလ ပြည်သူများ ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာများကို တယ်လီဖုန်းဖြင့် ဆွေးနွေးအကြံပေးများ ဆောင်ရွက်လျက်ရှိ 

ရန်ကုန်မြို့၌ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ အောက်တိုဘာ ၄ ရက်(ဆင်ဟွာ) 

COVID-19 ကာလ ပြည်သူများ ကြုံတွေ့နေရသော ကျန်းမာရေးပြဿနာများကို မြန်မာနိုင်ငံဆရာဝန်အသင်း ၊ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့အနေဖြင့် တယ်လီဖုန်းဖြင့် ဆွေးနွေးအကြံပေးမှုများအား မြို့နယ် ၁၃ မြို့နယ်တွင် ဆောင်ရွက်နေပြီး ကျန်သော မြို့နယ်များကိုလည်း ချဲ့ထွင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းဇော်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။ 

“အခု COVID-19 ကာလ ကပ်ရောဂါ အချိန်မှာ ကျွန်တော်တို့ရဲ့ မိဘပြည်သူတွေက သူတို့ရဲ့ ကျန်းမာရေး ပြဿနာတွေပေါ့နော်။ အဓိက တစ်တပ်တစ်အား ဖြေရှင်းဖို့အတွက် ရည်ရွယ်တာပါ။ သူတို့က ကပ်ရောဂါ အတွင်းမှာ တစ်ချို့ဆေးခန်းတွေက ပိတ်ကြတယ်။ တစ်ချို့ဆေးခန်းတွေကဖွင့်ကြတယ်။ အဲလိုဆိုတော့ ကျန်းမာရေး ပြဿနာများကို အလွယ်တကူ ဖြေရှင်းဖို့ရာအတွက်ကတော့ အခက်အခဲ ရှိတာပေါ့နော်။ နောက်တစ်ချက်က ကျွန်တော်တို့ရဲ့ လူ့အသိုက်အဝိုင်းက ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်က လူအချင်းချင်း တွေ့ပြီးတော့ ဆရာနဲ့ တိုင်ပင်ဆွေးနွေးတာကို ကြိုက်ကြတယ်လေ။ ဒါကလဲ ခေတ်အဆက်ဆက် လုပ်လာခဲ့ကြတာလေ။ ဒါပေမယ့် COVID-19 ကြောင့်သာလျှင် ဒါကို မလုပ်နိုင်တာလေ။ မလုပ်နိုင်တဲ့အတွက်ကြောင့် သူတို့မှာလည်း အခက်အခဲ ရှိတာပေါ့။ ကျွန်တော်တို့က အဲဒီအခက်အခဲကို တစ်တပ်တစ်အား ပါဝင်ဖြေရှင်းတဲ့ အနေနဲ့  တယ်လီဖုန်းနဲဲ့ ဆက်သွယ်၍ ဆွေးနွေးအကြံပေး အဲဒီလုပ်ငန်းလေးကို လုပ်တာပါ။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အလုံ ၊ ဗဟန်း ၊ လှိုင် ၊ အင်းစိန် ၊ မရမ်းကုန်း ၊ စမ်းချောင်း ၊ လမ်းမတော် ၊ တာမွေ ၊ သာကေတ ၊ သင်္ဃန်းကျွန်း ၊ မြောက်ဒဂုံ ၊ ပုဇွန်တောင် နှင့် ရန်ကင်းမြို့နယ်တို့တွင် တယ်လီဖုန်းဖြင့် ဆွေးနွေးအကြံဥာဏ် ရယူနိုင်ပြီး ကျန်သည့် မြို့နယ်များမှလည်း အဆိုပါ မြို့နယ်များ၏ တယ်လီဖုန်းများသို့ ဆက်သွယ်၍ ဆွေးနွေးအကြံဥာဏ် ရယူနိုင်ကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးအကြံပေးခြင်းများအား မြန်မာနိုင်ငံဆရာဝန်အသင်း ၊ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည့် သက်ဆိုင်ရာ မြို့နယ်အလိုက် ဖော်ပြထားသည့် ဖုန်းနံပါတ်များအား တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအတွင်း ခေါ်ဆို၍ အခမဲ့ ဆွေးနွေးအကြံဉာဏ် ရယူနိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.