Connect with us

MYANMAR

ကမ္ဘာ့ကပ်ရောဂါ COVID-19 တိုက်ဖျက်ရေးအတွက် တရုတ်ပြည် မြန်မာပညာတော်သင်ကျောင်းသားကျောင်းသူများ တစ်တပ်တစ်အား ပါဝင်လှူဒါန်း

မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် တရုတ်ပြည် မြန်မာပညာတော်သင်ကျောင်းသားကျောင်းသူများ၏ စုပေါင်းပါဝင်လှူဒါန်းငွေအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ လက်ခံရယူနေစဉ်(ဓါတ်ပုံ- တရုတ်ပြည် မြန်မာပညာတော်သင်ကျောင်းသားကျောင်းများ)

ရန်ကုန်၊ မတ် ၂၉ ရက်(ဆင်ဟွာ) 

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် တရုတ်ပြည် မြန်မာပညာတော်သင်ကျောင်းသားကျောင်းသူများ စုပေါင်းကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မတ် ၂၈ ရက်တွင် အလှူငွေ (၇၈.၄)သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 အဆိုပါလှူဒါန်းငွေကို တရုတ်နိုင်ငံရှိ ပြည်နယ်များနှင့် မြူနီစီပါယ်မြို့ အသီးသီးတွင် ပညာသင်ကြားလျက်ရှိသည့် မြန်မာကျောင်းသားကျောင်းသူများနှင့်ပညာသင်ကြားခဲ့သည့် ကျောင်းသားကျောင်းသူများမှ စုပေါင်းထည့်ဝင်လှူဒါန်းကြခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်၌ ပညာသင်ကြားသော မြန်မာပညာတော်သင် ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်ပြည် မြန်မာပညာတော်သင်ကျောင်းသားကျောင်းများ)

ယခုကဲ့သို့ ကျန်းမာရေးကုသိုလ်စုပေါင်းပြုနိုင်အောင် ပါဝင်ဆောင်ရွက်ကြသူများအနက်  လက်ရှိ ဟူနန်ပြည်နယ် ချန်ရှားမြို့ ဟူနန်တက္ကသိုလ်တွင် ကွန်ပျူတာ သိပ္ပံ နောက်ဆုံးနှစ် ပါရဂူတန်း တက်ရောက်လျက်ရှိသော မခင်နန္ဒာဝင်းက “ပြည်ပမှာ ပညာတော် သင်ရောက် ရှိနေပေမဲ့ အမိမြေကို အမြဲသတိရတဲ့ စိတ် ရင်ထဲ မှာ အမြဲ ရှိနေကြပါတယ်။ ၂၀၁၆ ပုဂံငလျင်လှုပ်လို့ လှူဒါန်းချင်မိရာ ကနေ တစ်ယောက်ထဲလှူတာထက် အများနဲ့ လှူတာက ပိုပြီးထိ ရောက်မယ်လို့ တွေးမိပြီး စုပေါင်းကောက်ခံလှူဒါန်းရာကနေ နောက်ပိုင်း လိုအပ်မယ် ထင်တဲ့နေရာတိုင်းမှာ ကျွန်မတို့ပညာတော်သင်ကျောင်းသားကျောင်းသူတွေ အားလုံး စုပေါင်း လှူဒါန်းခဲ့ ကြပါတယ်။ 

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့ ဟူနန်တက္ကသိုလ်၌ ကွန်ပျူတာသိပ္ပံ နောက်ဆုံးနှစ် ပါရဂူတန်း တက်ရောက်လျက်ရှိသော မခင်နန္ဒာဝင်းအား တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်ပြည် မြန်မာပညာတော်သင်ကျောင်းသားကျောင်းများ)

အခုလည်း အမိ မြန်မာပြည်မှာ cronavirus တိုက်ဖျက်ဖို့အတွက် တဖက်တလှမ်းက ပါဝင်ကူညီ ထောက်ပံ့လိုသည့် စိတ်အရင်းခံပြီး တရုတ်ပြည်မှာကျောင်းပြီးသွားတဲ့ ကျောင်းသားတွေရော လက်ရှိပညာတော် သင်နေတဲ့ ကျောင်းသားတွေပါ  စုပေါင်းပြီး ဝိုင်းဝန်းလှူဒါန်းဖြစ်သွားတာပါ။” ဟု ဆိုသည်။

ထိုမတိုင်မီ  ပြီးခဲ့သောလ ၂၆ ရက်ကလည်း COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်ပြည် မြန်မာပညာတော်သင်များ စုပေါင်း၍ ပေကျင်းမြို့ရှိမြန်မာနိုင်ငံသံရုံးမှတစ်ဆင့်  ဟူပေပြည်နယ်ရှိ Hubei Charity Federationကို  အလှူငွေ ယွမ် ၂၆,၃၅၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

တရုတ်ပြည်၌ ပညာသင်ကြားသော မြန်မာပညာတော်သင် ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်ပြည် မြန်မာပညာတော်သင်ကျောင်းသားကျောင်းများ)

“အဲတုန်းက COVID-19 စဖြစ်စဆို တော့ ရင်ထဲအရမ်းတုန်လှုပ် ခြောက်ခြားမိတာ အမှန်ပါ။ ဒါပေမဲ့ တရုတ်အစိုးရက  တခြားပြည်နယ်တွေကို ကူးစက်ထိခိုက်မူ အတတ်နိုင်ဆုံးမရှိစေဖို့ ဝူဟန့်မြို့ကို lockdown  ချခဲ့ပါတယ်။ နောက်ပြီး ဝူဟန့်မြို့အထဲမှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ပြည်သူတွေကို အင်တိုက်အားတိုက် ကြိုးစားကုသနေတာတွေကို သူငယ်ချင်းတွေ၊social media  ကတဆင့် နေ့တိုင်းမြင်တွေ့ရပါတယ်။  တရုတ်ပြည် တပြည်လုံးမှာရှိတဲ့ ဆရာဝန်တွေလည်း သွားရောက်ကူညီထောက်ပံ့ပေးရာက တချို့ဆို အိမ်ကို ပြန်မလာနိုင်ဘဲ မိမိပါ ကူးစက်ပြီး မိသားစုကို နှုတ်မဆက်နိုင်ရှာဘဲ အသက်ပေးကုသခဲ့တဲ့ သတင်းတွေလည်း ကြားသိရပါတယ်။    အဲတုန်းက တစ်နေ့တစ်နေ့  သတင်းတွေ မနက်မိုးလင်း မျက်လုံး၂ လုံးဖွင့်လို့ ကြည့်လိုက်တိုင်း သူတို့ရဲ့ကြိုးစား အနစ်နာခံပုံ၊ ဝူဟန်ပြည်သူတွေရဲ့ ခံစားချက်တွေကို ကိုယ်သာ သူတို့နေရာမှာဆိုရင်လို့တွေးပြီး ရင်ထဲအရမ်းကို စိတ်ထိ ခိုက်ခံစားခဲ့ရပါတယ်။ အဲအချိန်မှာ ကိုယ်ကလည်း သွားရောက်မကူညီနိုင်တဲ့အတွက် တဖက်တလမ်းမှ မိမိ တတ်အားသလောက် ပါဝင်ကူညီလိုကြလို့ ပညာတော်သင်ကျောင်းသူကျောင်းသားတွေက စုပေါင်းပြီး ကူညီ လှူဒါန်းခဲ့ကြတာပါ”ဟု ၎င်းက ဆိုသည်။ 

တရုတ်ပြည်၌ ပညာသင်ကြားသော မြန်မာပညာတော်သင် ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်(ဓါတ်ပုံ- တရုတ်ပြည် မြန်မာပညာတော်သင်ကျောင်းသားကျောင်းများ)

တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေပြီး အေးတူပူအမျှချစ်ခင်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြရာ ကပ်ရောဂါဖြစ်ပွါးသည့်အခါ မြန်မာနိုင်ငံအစိုးရနှင့်လူမှုပတ်ဝန်းကျင် နယ်ပယ်အသီးသီး အလွှာအသီးသီးက တရုတ်နိုင်ငံကို ကူညီအားပေးထောက်ပံ့မှုများပြုခဲ့ကြသလို ယခုအခါ မြန်မာနိုင်ငံတွင် ဖြစ်ပွါးသည့်အခါတွင်လည်း တရုတ်နိုင်ငံက လက်ရှိရင်ဆိုင်နေရဆဲ အခက်အခဲများကို ဖြေရှင်းကျော်လွှားရင်း ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို အမြန်ဆုံး ပံ့ပိုးကူညီပေးလျက်ရှိသည်။

“အပြန်အလှန်ကူညီကြတာ တွေ့ရတော့ တကယ့်ကို ရင်ထဲမှာအရမ်းဝမ်းသာ ပီတိ ဖြစ်မိတယ်။ သာဓုလည်း အကြိမ်ကြိမ် လိုက်ခေါ်မိပါတယ်။  လူတိုင်းသာ အဲလိုအမြဲတမ်း အချင်းချင်းဖေးမ ကူညီ သွားကြရင် ကမ္ဘာကြီးက အမြဲအရမ်းလှပနေမှာ မလွဲဧကန်ပါ။ ကမ္ဘာပေါ်ရှိလူသားအားလုံး ကိုယ် စိတ်နှလုံးသုံးပါးစလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။”ဟု မခင်နန္ဒာဝင်းက ဆိုသည်။

ကမ္ဘာ့ကပ်ရောဂါ အကြပ်အတည်းကာလတွင် တရုတ်ပြည် မြန်မာပညာတော်သင် ကျောင်းသားကျောင်းသူများ၏ စစ်မှန်သော စေတနာကို အရင်းခံပြီး ချွေးနဲစာနှင့် တတ်အားသမျှ ပါဝင်ကူညီလှူဒါန်းမှုသည် အခက်အခဲများအကြား အပြန်အလှန်ဖေးမကူညီလိုသည့် အေးမြသည့် မေတ္တာတရား၏ပုံရိပ်တစ်ခုပင်ဖြစ်သည်။ 

လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီး နေရာဒေသ၊ လူမျိုးမရွေး ကပ်ရောဂါဘေးဆိုးကြီးနှင့်ရင်ဆိုင်နေရချိန်၊ ဗိုင်းရပ်စ်အန္တရာယ်ကို လူသားတို့ အံတုအားပြိုင်နေရချိန်တွင် သူရယ်ကိုယ်ရယ်မခွဲခြား တစ်သားတည်း ဖြူစင်သောစေတနာကို အရင်းခံသည့် အပြန်အလှန်ဖေးမကူညီမှုများကသာ တစ်ကမ္ဘာလုံးရှိ လူသားတို့၏ ကပ်ရောဂါကို ကျော်လွှားနိုင်စေမည့် ဖြစ်ကြောင်း ယခုကဲ့သို့ လှူဒါန်းမှုသည် ခွန်အားတစ်ရပ် အားဆေးတစ်ခွက်ဖြစ်ကြောင်း တရုတ်နိုင်ငံတွင် ပညာသင်ကြားခဲ့သည့် မြန်မာကျောင်းသားဟောင်းတစ်ဦးက ဆိုသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.