Connect with us

MYANMAR

COVID-19 ရောဂါ ကာကွယ်ဆေး တစ်သန်းခွဲ မြန်မာနိုင်ငံသို့ ဇန်နဝါရီ ၂၂ ရက် ရောက်ရှိပြီး လူ ခုနှစ်သိန်းခွဲကို စတင်ထိုးပေးမည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ပြည်သူများသို့ အစီရင်ခံတင်ပြသောမိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ-နိုင်ငံတော်၏အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

COVID-19 ရောဂါ ကာကွယ်ဆေး တစ်သန်းခွဲ မြန်မာနိုင်ငံသို့ မနက်ဖြန် ဇန်နဝါရီ ၂၂ ရက် တွင် ရောက်ရှိလာမည်ဖြစ်ပြီး လူ ခုနှစ်သိန်းခွဲကို စတင်ထိုးပေးမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယနေ့ပြည်သူများသို့ အစီရင်ခံတင်ပြသောမိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။

” COVID-19ရောဂါကာကွယ်ဆေး မြန်မာနိုင်ငံကို ရောက်ရှိလာပါမယ်။ တစ်သန်းခွဲ ရောက်ရှိမှာဖြစ်ပါတယ်။ တစ်သန်းခွဲဆိုတော့ ကျွန်မတို့ပြည်သူတွေ ခုနှစ်သိန်းခွဲအတွက် လုံလောက်ပါတယ်။ လူတစ်ယောက်တစ်ယောက်ဆိုရင် နှစ်ကြိမ်ထိုးရပါမယ်။ ပထမအကြိမ်ထိုးပြီးတော့ ၂၈ ရက်ကြာရင် နောက်တစ်ကြိမ် ထပ်ထိုးရပါမယ်။ အဲဒီတော့ ကျွန်မတို့ဒီလုပ်ငန်းတွေကိုလည်း သေသေချာချာ ထိထိရောက်ရောက်လုပ်နိုင်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စီစဉ်ထားပါတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ ကာကွယ်ဆေး တစ်သန်းခွဲသည် ပြည်သူ ခုနှစ်သိန်းခွဲအတွက်ဖြစ်ပြီး ပထမဆုံးအနေဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများအား ထိုးပေးမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်၊၊

“ကျွန်မတို့အစိုးရအဖွဲ့ ထဲက အဓိကကျတဲ့ အစိတ်အပိုင်းတွေကို ကာကွယ်ဆေးထိုးပေးမှာပါ။ အဲဒီလိုပြောတာ ကျွန်မနည်းနည်းတော့ အားနာတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီထဲမှာ ကျွန်မလည်း ပါနေတာကိုး။ ပါနေတယ်ဆိုတော့ ဒီဟာကိုလည်း ပြည်သူတွေအနေနဲ့ နားလည်မှုပေးနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ ယန္တရားကြီး လည်ပတ်ဖို့အတွက်ဆိုရင် ကျွန်မတို့ဗဟိုအစိုးရနဲ့ တိုင်းနဲ့ပြည်နယ်အစိုးရတွေက ထိထိရောက်ရောက် လှုပ်ရှားနိုင်ဖို့က အင်မတန်မှ အရေးကြီးပါတယ်”၎င်းကပြောသည်။

ဆက်လက်ပြီး ရောဂါပြန့်ပွားမှုများသည့် လူဦးရေထူထပ်သည် နေရာဥပမာအားဖြင့် Stay at Home မြို့နယ်များကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ၊သို့သော်လည်း Stay at Home မြို့နယ်များအားလုံးကို တစ်ချိန်တည်း လုပ်ပေးနိုင်ရန် ခက်ခဲကြောင်း ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်၊၊

” ကာကွယ်ဆေးရောက်တော့မယ်ဆိုပြီး မပေါ့ပါနဲ့၊ ပေါ့ပေါ့ဆဆ မနေပါနဲ့လို့ ကျွန်မ တိုက်တွန်းပါရစေ။ ဒါဟာ သိပ်ပြီးတော့ အရေးကြီးပါတယ်။ စောစောက ကျွန်မပြောတဲ့အတိုင်းပဲ၊ နှစ်ကြိမ်ထိုးမှ ဒီကာကွယ်ဆေးဟာ ထိရောက်မှာပါ။ တစ်ကြိမ်နဲ့ တစ်ကြိမ် ကြားထဲမှာလည်း ၂၈ ရက်စောင့်ရပါတယ်။ ဒီတော့ ပထမဦးဆုံး ထိုးပေးလိုက်တဲ့ နောက်အပတ်မှာ စပြီး ပထမဆုံးထိုးပေးလိုက်တဲ့ အုပ်စုဟာ ပထမတစ်ကြိမ် ထိုးပြီးတာနဲ့ ပြီးသွားပြီဆိုပြီးတော့ အေးအေးဆေးဆေးနေလို့ မဖြစ်ပါဘူး။ ကျွန်မတို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကနေ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း ဆက်ပြီးတော့ မိမိကိုယ်ကိုယ် မိမိ ကာကွယ် သွားရမှာဖြစ်ပါတယ်”၎င်းက ပြောသည်။

COVID-19ရောဂါကာကွယ်ဆေးဝယ်ယူရန် ရန်ပုံငွေကို အလှူရှင်၊ စေတနာရှင်များ ထည့်ပေးမှုသည် ၁၈ ဒသမ ၇၈၁ ဘီလီယံ ရှိကြောင်း၊ ယင်းငွေများကို ထိုက်ထိုက်တန်တန်နှင့် ပြည်သူလူထု၏ ကျန်းမာရေးကာကွယ်ရန်အတွက် ပြည်သူလူထုကို COVID-19 ကာကွယ်ရေး ဆေးထိုးပေးနိုင်ရန်အတွက် သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)