Connect with us

MYANMAR

COVID-19 ဒုတိယလှိုင်း နေပြည်တော် ရောက်မလာရေး ပူးပေါင်း ဆောင်ရွက်ကြဖို့ တိုက်တွန်း

Mask သတိပေး အရုပ်ဖွင့်ပွဲ၌ နေပြည်တော် ကောင်စီ ဥက္ကဌနှင့် ပရဟိတ အဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ) ရေးသားသူ/ စိုးသန်းလင်း

နေပြည်တော်ကောင်စီ အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်မှုများဆိုင်ရာ လက်ရှိ ထိန်းချုပ်ထားနိုင်သည့် စံချိန်ကောင်းကို ဆက်လက် ထိန်းထားပြီး COVID-19 ဒုတိယလှိုင်း နေပြည်တော်သို့ ရောက်မလာစေရေး ပူးပေါင်းကာကွယ်ကြရန် နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်က ယနေ့တိုက်တွန်း ပြောကြားခဲ့သည်။

“COVID-19 ထိန်းချုပ်၊ ကာကွယ်၊ ကုသရေးမှာ အမျိုးသားအဆင့် ဗဟိုအဆင့် ခေါင်းဆောင်ပိုင်းက မူဝါဒ ကောင်းဖို့လိုသလို ပြည်သူတွေကပါဝင်ဖို့ အဓိက ဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ မူဝါဒ ဖြစ်တဲ့ ပြည်သူသာ အဓိက ဆိုတဲ့ အချက်က လက်တွေ့ပြနေပါတယ်။ နေပြည်တော်မှာ positive တွေ့ သူက နှစ်ထောင် မပြည့်ပါဘူး၊ ကွယ်လွန်တာက ခုနစ်ယောက်ပါ၊ အဲဒီ ခုနစ်ယောက်ကလည်း တခြားနယ်က ပြန်လာသူတွေပါ၊ ပြောရမယ်ဆိုရင် COVID-19 ဟာ နေပြည်တော်က ပြည်သူတွေကြားမှာ လှိုင်းအဆင့်ကို မရောက်သေးပါဘူး၊ COVID-19 နဲ့ ပတ်သက်ရင် ကျွန်တော်တို့ နေပြည်တော် ကော်မတီက ရောဂါရှိသူတစ်ဦးချင်းစီရဲ့ နောက်ကြောင်းကို အတိအကျလိုက်ပြီး ဆောင်ရွက်နိုင်တာကြောင့် ဖြစ်ပါတယ်” ဟု နေပြည်တော်ကောင်စီ ဥက္ကဌက ပြောခဲ့သည်။

Mask သတိပေး အရုပ်ဖွင့်ပွဲ ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော် ကောင်စီ ဥက္ကဌ ဒေါက်တာ မျိုးအောင်နှင့် အဖွဲ့က mask campaign ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ အထွက်နှင့် နေပြည်တော်ကောင်စီ ရုံးပေါင်းစုံ အနီးတွင် ယနေ့ စတင်ဖွင့်လှစ်သည့် Mask သတိပေး အရုပ်ဖွင့်ပွဲ အခမ်းအနား၌ ၎င်းက ပြောခဲ့ခြင်းဖြစ်ပြီး ယခု အခမ်းအနားကို စီမံပေးကြသည့် ပုဂ္ဂိုလ်များနှင့် ပါဝင်သူအားလုံးကို နေပြည်တော်ကောင်စီက အထူးကျေးဇူးတင်ရှိကြောင်း၊ ပြည်သူများ ပါဝင်လာအောင် ယခုထက် ပိုပြီး ဆက်လက် စည်းရုံးနှိုးဆော် ပေးကြပါရန်နှင့် ယခုကဲ့သို့ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်းပါကြောင်းလည်း ကောင်စီဥက္ကဌက ဖြည့်စွက် ပြောကြားခဲ့သည်။

မြန်မာ့ရိုးရာ ပုံစံအတိုင်း ပြုလုပ်ထားသော အမြင့် ၂၃ ပေကျော်ရှိသည့် COVID-19 သတိပေး အရုပ် ကို ပြည်သူများ mask တပ်ဆင်ရန် အစဉ်အမြဲ သတိဖြစ်စေခြင်းအလို့ငှာ ရည်ရွယ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အနည်းဆုံးတစ်နှစ်တာ ရာသီဥတုဒဏ် ခံနိုင်ရန် ကြိမ်များ၊ ဝါးများ၊ သံဖရိန်များဖြင့် တည်ဆောက် ထားကြောင်း အဆိုပါ အရုပ် ဖြစ်မြောက်ရေး အတွက် စီစဉ်ဆောင်ရွက်ခဲ့သည့် မျှဝေသောလက်များ ပရဟိတအသင်း (ပျဉ်းမနား) ဥက္ကဌ ဒေါက်တာ ဇော်မြင့်ဦးက ရှင်းလင်းပြောကြားခဲ့သည်။ (Xinhua)