Connect with us

MYANMAR

COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ကြိုတင်စာရင်းကောက်ယူ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းလာပေးနေကြသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် ဆေးထိုးမည့်ပုံစံစာရွက်များ လိုက်လံဝေငှခြင်း နှင့် ပုံစံစာရွက်များ ပြန်လည်လက်ခံခြင်းများကို လုပ်ဆောင်ကာ ကြိုတင် စာရင်းကောက်ယူမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

“အခု COVID-19 ကာကွယ်ဆေးကို ထိုးဖို့ အင်အားစာရင်းကို ပြုစုခိုင်းလို့ ၂၆ ရက်နေ့ နောက်ဆုံးထား ကောက်ပေးပါ ဆိုလို့ ကောက်ပေးရတာပါ။ အဲဒီဆေးကတော့ အားလုံးထိုးနှံနိုင်ဖို့ပေါ့ အခုထဲက ကြိုတင်ပြီး စာရင်းပြုစုတာ။ ရောက်လာရင် လူဦးရေ အသက်အပိုင်းအခြားနဲ့ ပတ်သက်ပြီးတော့မှ ထိုးနှံပေးမှာ ဖြစ်တဲ့အတွက် စာရင်းခွဲဖို့အတွက် ကြိုတင်စာရင်းပြုစုခြင်း ဖြစ်ပါတယ်။စာရင်းကို မနေ့ညက လော်စပီကာနဲ့ အော်ပြီးတော့ စာရွက်တွေ အိမ်တိုင်ရာရောက် ပေးပြီးတော့ ဖြည့်ပြီး ရုံးကို လာပို့ခိုင်းထားတယ်။ အားလုံးကလည်း စိတ်ဝင်တစား ရှိကြပါတယ်။” မင်္ဂလာတောင်ညွှန့်မြို့နယ် ဖို့မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ယနေ့ ဆင်ဟွာသို့ ပြောကြားခဲ့သည်။

COVID-19 ကာကွယ်ဆေးကို ဦးစားပေးလူအုပ်စုအလိုက် ထိုးနှံပေးသွားမည် ဖြစ်ပြီး ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေး ဝန်ထမ်းများ ၊ စေတနာ့ဝန်ထမ်းများ ၊ ဗဟို/တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများကို ပထမအသုတ်အနေဖြင့် စတင်ထိုးနှံပေးမည် ဖြစ်ကာ ကျန်အုပ်စုများကိုလည်း ကာကွယ်ဆေး ရရှိမှု အပေါ် မူတည်၍ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

“COVID-19 ကာကွယ်ဆေး ထိုးဖို့ကို လူဦးရေ စာရင်းကို ကြိုပြီးတော့ ကောက်တဲ့ သဘောပေါ့။ ချက်ချင်းတော့ ထိုးပေးဖို့ အစီအစဉ်ကတော့ မလာသေးဘူး ။ ကျန်းမာရေး ဆေးဝန်ထမ်းတွေပေါ့ သူတို့ကို အရင်ထိုးပေးမယ် ။ ပြီးရင် အဆင့်ဆင့် ထိုးပေးလို့ ရအောင်လို့ ကြိုပြီး စာရင်းကောက်ယူတဲ့သဘောပေါ့ ။”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးထက်အောင်ကိုက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း Stay at Home မြို့နယ်များ၌ နေထိုင်သည့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် လူဦးရေ စာရင်း ကောက်ခံမှုများ နှင့် လိုက်လံ အသိပေး နှိုဆော် ကြေညာမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ “အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း COVID-19 ကာကွယ်ဆေးထိုးလိုပါက စာရင်းပေးသွင်းနိုင်တယ်လို့ ညနေက လမ်းထဲမှာ လာကြေညာတယ်။လမ်းထဲမှာ စာရင်းလာကောက်လို့လဲ စာရင်းပေးလိုက်တယ်”ဟု ကြည့်မြင့်တိုင်မြို့နယ် ဈေးကြီးအနောက်ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

ယခုအခါ COVID-19 ကာကွယ်ဆေး ပထမအသုတ်အနေဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် COVISHIELD ကာကွယ်ဆေး ၁.၅ သန်း သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာပြီး ရန်ကုန်မြို့ရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ရုံအအေးခန်းတွင် သိုလှောင်ထားရှိကြောင်း ၊ ထိုသို့ထားရှိရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုံခြုံ ရေးအစီအစဉ်ဖြင့် ထားရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဇန်နဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေတွင် အသုံးပြုရန်အတွက် COVID-19 ကာကွယ်ဆေး ၁ မျိုး ဖြစ်သည့် COVISHIELD/Astrazenece ကာကွယ်ဆေးကို လတ်တလော တရားဝင် ခွင့်ပြုထားကြောင်း ၊ ယင်းကာကွယ်ဆေးကို အသက် ၁၈ နှစ်နှင့်အထက် လူကြီးများအတွက်သာ အသုံးပြုခွင့်ပေးထားကြောင်း ဇန်နဝါရီ ၂၃ ရက်တွင် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် သပြေကုန်းရပ်ကွက်တွင် COVID-19 ကာကွယ်ဆေးထိုးရန် စာရင်းလာပေးခဲ့သူ တစ်ဦးဖြစ်သော ဒေါက်တာဇေယျာစိုးက “ကာကွယ်ဆေးဆိုတာကတော့ ဘယ်သူမဆို ထိုးသင့်တာပေါ့။ ထိုးထားတယ်ဆိုတာကတော့ ရောဂါမဖြစ်ဖို့ ကာကွယ်ပေးတာပေါ့။ အဲဒီအတွက် ထိုးရမယ်ဟေ့ဆိုတော့ ပျော်တာပေါ့ ။ ဘယ်လို မျှော်လင့်တာလဲ ဆိုရင် စောစောရလေ ကောင်းတာပေါ့။ အကုန်လုံး ကာကွယ်ဆေး တစ်တိုင်းတစ်ပြည်လုံး စောစောထိုးနိုင်လေ အကောင်းဆုံးပဲပေါ့။”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်အထိ တွေ့ရှိရသည့် COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၇,၀၉၈ ဦးအနက် ၆၃ ရာခိုင်နှုန်းသည် COVID-19 ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ ပြင်ပအမြင်တွင် လူကောင်းပကတိသဖွယ် ဖြစ်နေကြောင်း ၊ ထိုသို့ ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိဘဲ ရောဂါရှိနေသူများသည် ရောဂါပိုး သယ်ဆောင်နေသူများဖြစ်ပြီး အခြားသူများထံသို့ ရောဂါကူးစက်စေနိုင်သည်ဆိုသည့် အချက်အား ပြည်သူများအနေဖြင့် အထူးသတိပြုကြကာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ရေး နည်းလမ်းများအား တိကျစွာ လိုက်နာကြရန်မှာ အရေးကြီးကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၂၃ ရက်အထိ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၁၃၇,၀၉၈ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၂၁,၁၂၄ ဦး နှင့် သေဆုံးလူနာပေါင်း ၃,၀၄၅ ဦး ရှိကြောင်း သိရသည်။ (Xinhua)