Connect with us

MYANMAR

ဓာတ်ခွဲနမူနာ ၁၈,၇၀၆ ခု စစ်ဆေးရာမှ COVID-19 လူနာသစ် ၄၇၆ ဦး တွေ့ရှိ

ရန်ကုန်မြို့တွင် နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၂၄ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၇၀၆ ခု စစ်ဆေးခဲ့ရာမှ COVID-19 လူနာသစ် ၄၇၆ ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှုအရ သိရသည်။

COVID-19 ပိုးတွေ့ရှိမှုမှာ ဇန်နဝါရီ ၂၄ ရက်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၄၃၄ ဦး ၊ သေဆုံးလူနာ ၁၇ ဦး ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဇန်နဝါရီ ၂၄ ရက်ထိ COVID-19 ဓာတ်ခွဲ အတည်ပြုလူနာပေါင်း ၁၃၇,၅၇၄ ဦး ၊ ဆေးရုံဆင်းခွင့် ရရှိသူပေါင်း ၁၂၁,၅၅၈ ဦး နှင့် သေဆုံးလူနာပေါင်း ၃,၀၆၂ ဦး အသီးသီးရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်အထိ တွေ့ရှိရသည့် COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၇,၀၉၈ ဦးအနက် ၆၃ ရာခိုင်နှုန်းသည် COVID-19 ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ ပြင်ပအမြင်တွင် လူကောင်းပကတိသဖွယ် ဖြစ်နေကြောင်း ၊ ထိုသို့ ရောဂါလက္ခဏာတစ်စုံတစ်ရာမရှိဘဲ ရောဂါရှိနေသူများသည် ရောဂါပိုး သယ်ဆောင်နေသူများဖြစ်ပြီး အခြားသူများထံသို့ ရောဂါကူးစက်စေနိုင်သည်ဆိုသည့် အချက်အား ပြည်သူများအနေဖြင့် အထူးသတိပြုကြကာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ကာကွယ်ရေး နည်းလမ်းများအား တိကျစွာ လိုက်နာကြရန်မှာ အရေးကြီးကြောင်း ဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ပါးစပ် နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်(Mask and Face Shield Campaign) ၌ ပါဝင်သော ဆောင်ရွက်ရမည့် အချက်များကို တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းနှင့် တစ်ဦးကိုတစ်ဦး အသိပေးခြင်း/သတိပေးခြင်း မိသားစု စီမံချက်အတိုင်း COVID-19 ရောဂါကာကွယ်ရေး နည်းလမ်းများအား အသိပေးခြင်း နှင့် သတိပေးခြင်းတို့ ဆောင်ရွက်မှာသာလျှင် ရောဂါကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (Xinhua)