Connect with us

MYANMAR

COVID-19 ကြောင့် သေဆုံးမှုနှုန်းမှာ ၂.၂ ရာခိုင်နှုန်းဝန်းကျင် ပုံမှန်ဆက်ရှိနေကြောင်းဆို

နှာခေါင်းစည်းဖြင့်သွားလာနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ ဇန်နဝါရီ ၂၃ ရက်တွင် COVID-19 အတည်ပြုလူနာသစ် ၅၀၇ ဦးရှိပြီး သေဆုံးလူနာ ၁၄ ဦး ရှိကြောင်း ၊ COVID-19 ကြောင့် သေဆုံးမှုနှုန်းမှာ ၂.၂ ရာခိုင်နှုန်းဝန်းကျင်ပုံမှန်ဆက်ရှိနေကြောင်း၊ သို့သော် သေဆုံးသူဦးရေ သည် ၂၀ ကျော်၊ ၂၀ ဝန်းကျင်မှ ၁၀ ကျော်ကျော် ဖြစ်လာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆင်ဟွာသို့ ပြောကြားသည်။

“အထူးကြပ်မတ်ကုသဆောင် (ICU) တွေမှာလည်း ဒီနေ့အထိ ကုသမှုခံယူနေသူ အရေအတွက်က ၉၀ ဝန်းကျင်လောက်ပဲ ရှိတော့တယ်။ အရင် ရောဂါဖြစ်ပွားမှုများတဲ့ အချိန်တုန်းက အယောက် ၁၅၀ ဝန်းကျင်လောက်ရှိခဲ့တာပါ။ သေဆုံးနှုန်းတွေလည်းကျဆင်းသွားမှာပါ။’’ ဟု ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးလူနာ ၁၄ ဦးတွင် ရောဂါအခံရှိသူ ၁၀ ဦးပါဝင်ကြောင်း၊ ယနေ့အထိ သေဆုံးသူစုစုပေါင်း ၃၀၄၅ ဦး နှင့် ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၃၇,၀၉၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၂၀,၃၉၇ ခုအားစစ်ဆေးခဲ့ပြီး ပိုးတွေ့ရာခိုင်နှုန်းမှာ၂.၅ ရာခိုင်နှုန်းရှိကြောင်း၊ ယနေ့အထိဓာတ်ခွဲနမူနာစုစုပေါင်း ၂,၂၅၀,၁၄၁ ခုအားစစ်ဆေးပြီးဖြစ်ကြောင်း သိရသည်။

ယနေ့ဆေးရုံမှ ဆင်းခွင့်ရရှိသူပေါင်း ၅၈၁ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၂၁,၁၂၄ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)