Connect with us

MYANMAR

မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ကုသရေး လုပ်ငန်းများတွင် ဝိုင်းဝန်းကူညီရန် တရုတ်နိုင်ငံမှ ကျွမ်းကျင် ပညာရှင် အဖွဲ့ လာရောက်မည် 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး ၊ ကုသရေး လုပ်ငန်းများ နှင့် ရောဂါရှာဖွေရေး လုပ်ငန်းများတွင် ပါဝင် ဝိုင်းဝန်း ကူညီဆောင်ရွက်ရန် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ယနေ့ မတ် ၃၀ ရက်တွင် ပြောကြားခဲ့သည်။ 

“တရုတ်ပြည်သူ့သမ္မတ နိုင်ငံက ကျွမ်းကျင်တဲ့ ပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့မကြာမီ ဧပြီလဆန်းပိုင်း မှာ COVID-19 တိုက်ဖျက်ရေးနဲ့ ကုသရေး လုပ်ငန်းများနဲ့ ရောဂါရှာဖွေရေး လုပ်ငန်းများမှာ ပါဝင်ဝိုင်းဝန်း ကူညီ ဆောင်ရွက် သွားဖို့ အတွက် စီစဉ်ထားပြီး ဖြစ်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူသမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ ယူနန်ပြည်နယ်မှ ကျန်းမာရေး နှင့် ပတ်သက်သည့် အဖွဲ့တစ်ဖွဲ့သည် ဧပြီလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ကာ ၁၄ ရက်ကြာ နေထိုင်ပြီး မြန်မာနိုင်ငံရှိ ကျွမ်းကျင်ပညာရှင်များနှင့် အတူ လုပ်ငန်းများ လုပ်ကိုင်ပြီး COVID-19 နှင့် ပတ်သတ်သော ရောဂါ အတွေ့အကြုံများကို ဖလှယ်ကြမည် ဖြစ်ကြောင်း သိရသည်။  

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူသမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က တရုတ်နိုင်ငံ အစိုးရ နှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ မြန်မာနိုင်ငံသို့ ဆေးကုသပစ္စည်းများကို ဆက်လက် လှူဒါန်းသွားမည် ဖြစ်ပြီး သံရုံးအနေဖြင့်လည်း တွန်းအားပေးသွားမည် ဖြစ်ကြောင်း ၊ တရုတ် Medical Team နှင့် ပတ်သက်၍လည်း သံရုံး အနေဖြင့် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန နှင့် အနီးကပ် ညှိနှိုင်းဆွေးနွေးလျက် ရှိနေပြီး ယင်းအဖွဲ့အား မြန်မာနိုင်ငံသို့ အမြန်ဆုံး ရောက်ရှိရန် တွန်းအားပေးနေကြောင်း ပြောကြားခဲ့သည်။ 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က “ဒီအဖွဲ့မှာ ကူးစက်ရောဂါ ဆိုင်ရာ ရောဂါကာကွယ်တဲ့ ကာကွယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်တဲ့ ပညာရှင်တွေလဲ ပါသလို ၊ COVID-19 ဓာတ်ခွဲအတည်ပြုပြီးသား ရောဂါလူနာများကို ကုသတဲ့ အဖွဲ့လဲ ပါပါတယ်။ ကျွန်တော်တို့ နိုင်ငံကို လာမယ့် ဆေးဘက်ဆိုင်ရာ အဖွဲ့ထဲမှာ တရုတ်တိုင်းရင်းဆေးပညာ ကျွမ်းကျင်တဲ့ ပညာရှင်ပါလာပြီးတော့ တရုတ်တိုင်းရင်းဆေးများလဲ သယ်လာမယ်လို့ သိရပါတယ်။  ရောဂါကို ရှာဖွေကုသနိုင်တဲ့ ဓာတ်ခွဲ ပညာရှင်များလဲ ပါလာမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ကျွန်တော်တို့နိုင်ငံမှာ ၁၄ ရက်တိတိ နေထိုင်ပြီးတော့ မြန်မာပညာရှင်များနဲ့ အတွေ့အကြုံ ဖလှယ်တဲ့ ကိစ္စတွေ ဆောင်ရွက်မယ်။ သင်တန်းပေးခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ပြီးတော့ ဓာတ်ခွဲအဖွဲ့အနေနဲ့ တစ်နေ့ လူအယောက် ၂၀၀ ကို COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးပေးနိုင်တဲ့ ဓာတ်ခွဲခန်းလဲ ပါလာမှာ ဖြစ်ပါတယ်။”ဟု စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို ပြောကြားခဲ့သည်။ 

အဆိုပါ အဖွဲ့သည် မြန်မာနိုင်ငံ၌ COVID-19 နဲ့ ပတ်သက်ပြီး ဓာတ်ခွဲ အတည်ပြုပေးနေသည့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းနှင့် ပူးတွဲ၍ အတူတကွ COVID-19 ရောဂါကို ရှာဖွေနိုင်သည့် ဓာတ်ခွဲလုပ်ငန်းများကိုလည်း ပူးတွဲ ဆောင်ရွက်ရန် အစီအစဉ်များ လုပ်ထားကြောင်းလည်း သိရသည်။  

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ပစ္စည်းများအား မတ် ၁၇ ရက်တွင် ပထမ အသုတ် လူဦးရေ ၂,၀၁၆ ဦးစာ COVID-19 ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒုတိယ အသုတ် တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅,၀၀၀ ၊ N95 နှာခေါင်းစည်း ၅,၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့အား မတ် ၂၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ၊ ထို့အတူ မြန်မာဘက်၏ အခက်အခဲ နှင့် လိုအပ်ချက် အပေါ် မူတည်ပြီး တရုတ်ဘက်က မြန်မာနိုင်ငံကို အပူချိန်တိုင်း ကိရိယာများ ပို့ဆောင်ရန် စီစဉ်နေပြီး အမြန်ဆုံး လွှဲပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)