Connect with us

MYANMAR

တရုတ်နိုင်ငံ ဖောင်ဒေးရှင်းများမှ မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများ အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်း 

ဂျက်မား နှင့် အလီဘာဘာ ဖောင်ဒေးရှင်းတို့မှ COVID-19 ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဖောင်ဒေးရှင်းများ ဖြစ်ကြသည့် ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်းတို့မှ မြန်မာနိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေး လုပ်ငန်းကို အထောက်အကူပြုရန် အတွက် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ယနေ့ မတ် ၃၀ ရက်တွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံသို့ ဂျက်မား(Jack Ma) နှင့် အလီဘာဘာ(Alibaba) ဖောင်ဒေးရှင်းတို့မှ N95 နှာခေါင်းစည်း(Mask) တစ်သိန်း ၊ ဓာတ်ခွဲစစ်ဆေးကိရိယာ(Detection Kits) ၂၈,၈၀၀ လွှဲပြောင်းပေးအပ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံမှူးကြီး ဒေါ်နွဲ့ကလျာ(Ms. Li Xiaoyan)က “တရုတ်ကုမ္ပဏီ တွေကလည်း ပြင်းပြတဲ့ လူမှုရေး တာဝန်ခံမှု ၊ တာဝန်ယူမှု စိတ်ဓာတ်နဲ့ မြန်မာပြည်သူပြည်သားများ အပေါ် နက်နဲတဲ့ ပေါက်ဖော် ချစ်ကြည်ရေးကို ဖော်ပြထားပါတယ်။”ဟု ပေးအပ်လှူဒါန်းသည့် အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံမှူးကြီး ဒေါ်နွဲ့ကလျာက အဖွင့်အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ထို့အတူ တရုတ်-မြန်မာ နှစ်နိုင်ငံသည် အေးအတူပူအမျှ အသိုက်အဝန်း ဖြစ်ကြောင်း ၊ အနာဂတ်တွင် တရုတ်ဘက်မှ ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် ပတ်သက်ပြီး မြန်မာဘက်နှင့် ဆက်လက် လက်တွဲပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံ မျှဝေခြင်း ၊ ဆေးပစ္စည်းများ လှူဒါန်းခြင်း ၊ ပညာရှင် အဖွဲ့ စေလွှတ်ခြင်းဖြင့် မြန်မာနိုင်ငံ၏ COVID-19 ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းကို ပိုမို ထိရောက်ကောင်းမွန်စွာ အားပေးဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ကျေးဇူးတင်စကား ပြောကြားစဉ်(ဆင်ဟွာ) 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က “အခုချိန်မှာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသော ကမ္ဘာ့ကပ်ရောဂါ COVID-19 ကာကွယ် ထိန်းချုပ်ကုသ တိုက်ဖျက်ရေး လုပ်ငန်းမှာ မရှိမဖြစ် လိုအပ်တဲ့ ကာကွယ်ရေး ပစ္စည်းတွေနဲ့ ရောဂါရှာဖွေရေး ပစ္စည်းတွေကို စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ လှူဒါန်းပေးတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအား မြန်မာပြည်သူတွေကိုယ်စား လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုယ်စား ပြောကြားအပ်ပါတယ်။”ဟု ထည့်သွင်း ပြောကြားခဲ့သည်။ 

 လှူဒါန်းပွဲ အခမ်းအနားတွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ) 

တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံအစိုးရထံသို့ COVID-19 ရောဂါတိုက်ဖျက်ရေး ပစ္စည်းများအား မတ် ၁၇ ရက်တွင် ပထမ အသုတ် လူဦးရေ ၂,၀၁၆ ဦးစာ COVID-19 ဗိုင်းရပ်စ်ပိုး ဓာတ်ခွဲစစ်ဆေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒုတိယ အသုတ်  တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ၅,၀၀၀ ၊ N95 နှာခေါင်းစည်း ၅,၀၀၀ နှင့် တစ်ခါသုံးနှာခေါင်းစည်း ၂ သိန်းတို့အား မတ် ၂၆ ရက်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ၊ ထို့အတူ မြန်မာဘက်၏ အခက်အခဲ နှင့် လိုအပ်ချက် အပေါ် မူတည်ပြီး တရုတ်ဘက်က မြန်မာနိုင်ငံကို အပူချိန်တိုင်း ကိရိယာများ ပို့ဆောင်ရန် စီစဉ်နေပြီး အမြန်ဆုံး လွှဲပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)