Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ ၄ ဦးတွင်ထပ်မံတွေ့ရှိ၊ ရောဂါပိုးရှိသူ ၁၄ ဦးထိရှိလာ 

COVID -19 ရောဂါကြိုတငိကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်စဉ်(ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူ၄ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့သဖြင့် ရောဂါပိုးရှိသူ စုစုပေါင်း ၁၄ ဦးထိရှိလာခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ မတ် ၃၀ ရက် ည ၇ နာရီခွဲအချိန်တွင် ထုတ်ပြန်သော သတင်းအရ သိရသည်။

COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (Case-08) (ဧည့်လမ်းညွှန်) ၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် (၄)ဦးအား မတ် ၂၈ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပြီး မတ် ၂၉ရက်တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ (၄)ဦး အနက် (၃)ဦး (Case-11)၊ (Case-12) နှင့် Case-13) တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် ၎င်းတို့ (၃)ဦးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူ (Case-11)၊ (Case-12) နှင့် Case-13)  (၃)ဦးတွင် လက်ရှိအခြေအနေအရ ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိကြောင်း သိရသည်။

ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ (Case-14) သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် တွင် နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး မတ် ၂၅ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့ကြောင်း၊ မတ် ၂၇ ရက် ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းသည် မတ် ၂၈ ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့သို့ ညပိုင်းတွင် လာရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ၍ ဆေးကု သမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (Case-14) လူနာ၏ လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ မတ် ၃၀ရက် ညနေ (၅:၁၅) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၁) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  (Xinhua)