Connect with us

MYANMAR

COVID-19 ရောဂါ ပိုးရှိသူ ၁ ဦး ထပ်မံတွေ့ရှိ 

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်ရန် ပိုးသတ်ဆေးဖြန်းနေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၆၇)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ လူနာ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါ ပိုး တွေ့ရှိ ရပြီး ကျန်လူနာ (၆၆) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က မတ် ၃၁ ရက် ည ၈ နာရီ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (Case-15) သည် ရန်ကုန်တိုင်းဒေသကြီး၊ နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ဗဟန်းမြို့နယ်၌ နေထိုင်သည့် အသက် (၄၅) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ပြီး (၂၇-၃-၂၀၂၀) ရက်တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စသောလက္ခဏာများ ခံစားခဲ့ရသဖြင့် (၃၀-၃-၂၀၂၀) ရက်တွင် ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ပြသခဲ့ရာ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ ညွှန်းပို့ခဲ့၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ဆေးကုသမှုဆောင်ရွက်ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၄) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦးနှင့် မန္တလေး မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ စုစုပေါင်း (၁၃) ဦး တို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

ဝေဘာဂီအထူးကုဆေးရုံကြီး၊ အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိကုသမှုပေးလျက်ရှိသည့် လူနာ (၂) ဦးအနက် (၁) ဦးမှာ (၃၁-၃-၂၀၂၀) ရက်၊  နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါလူနာ သေဆုံးခဲ့မှုကို ယနေ့၊ နေ့လယ်တွင် သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)