Connect with us

MYANMAR

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ရှေ့တန်းတွင် တိုင်ပွဲဝင်နေသော ဆရာဝန် ၊ သူနာပြု ၊ ကျန်းမာရေး ဝန်ထမ်းများကို အထူးကျေးဇူးတင်ကြောင်း ပြောကြား 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်(ဓာတ်ပုံ - myanmar state counsellor office)

 

ရန်ကုန် ၊ မတ် ၃၁ ရက်(ဆင်ဟွာ) 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအချိန်တွင် မပြည့်စုံသည့်ကြားက စိတ်ဓါတ် မြင့်မြင့်မားမားဖြင့် ရှေ့တန်း၌ တိုက်ပွဲဝင်နေသော ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းများကို အထူးကျေးဇူးတင်ကြောင်း ယနေ့ မတ် ၃၁ ရက်တွင် COVID-19 ဖြစ်ပွားမှု နောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံ တင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ 

“၄င်းတို့ဟာ ပြည်သူတွေအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနဲ့ အခြားဌာနဆိုင်ရာ ဝန်ထမ်းများ၊ နောက်ပြီးတော့ ဝိုင်းဝန်းကူညီပေးနေတဲ့ ပြည်သူတွေအားလုံးကို နိုင်ငံတော်ရဲ့ ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင် တစ်နိုင်ငံလုံးအကျိုးအတွက် လိုအပ်လျှင် အချို့သောနေရာများတွင် အသွားအလာ ကန့်သတ်ခြင်း အစီအစဉ် Community Quarantine ကဲ့သို့ ကန့်သတ်မှုမျိုးကို ဆောင်ရွက်ကောင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ထိုသို့ ဆောင်ရွက်ရန်ရှိလျှင်လည်း စားနပ်ရိက္ခာ၊ ဆေးဝါး စသည်တို့ မပြတ်လပ်စေရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ဒုတိယသမ္မတ(၁) ဦးစီးတဲ့ ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

“Community Quarantine ဆောင်ရွက်ရန် ရှိရင်လည်း စောနိုင်သမျှစောစော ကြိုတင်ပြီးတော့ အသိပေးပါမယ်။ ပြည်သူ များက နားလည်မှုရှိရှိ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။”ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က COVID-19 နှင့် ပတ်သက်သည့် စီးပွားရေး အကျိုးဆက်များကို တွက်ချက်ပြီး ပြည်သူများ ထိခိုက်နစ်နာမှု အနည်းဆုံး ဖြစ်စေရန် နိုင်ငံတော် အစိုးရက အစီအစဉ်များ ချမှတ်ထားကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။

လက်ရှိအချိန် ကမ္ဘာ့နိုင်ငံအသီးသီးက COVID-19 ကူးစက်ပြန့်ပွားမှုကို အပြင်းအထန် ရုန်းကန်ရင်ဆိုင်ရသည့် အချိန်ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံသည်လည်း အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၊ ထိုသို့ ကြိုးပမ်းရာတွင် ပြည်သူများ မိမိတို့ အသိစိတ်ဓာတ်နှင့် ကျရာကဏ္ဍ ၊ ဆိုင်ရာနယ်ပယ် ၊ နိုင်ရာတာဝန် အသီးသီးက ပံ့ပိုးကူညီ ဆောင်ရွက်နေမှုများကို အားရကျေနပ်ဖွယ်ရာ တွေ့မြင်ရပြီး စုပေါင်းအင်အားဖြင့် အတူတကွ ရင်ဆိုင်ကြမည် ဆိုပါက ကပ်ရောဂါဘေးကို တည်ငြိမ်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ (Xinhua)