Connect with us

MYANMAR

COVID-19 ရောဂါပိုး ရှိသူ လေးဦး ထပ်တိုးတွေ့ရှိ ၊ အတည်ပြုလူနာ ၂၀ ဦးထိ ရှိလာ 

ရန်ကုန်မြို့တွင်း လမ်းမပေါ်တွင် ပိုးသတ်ဆေးဖြန်းနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၂  ရက်(ဆင်ဟွာ) 

COVID-19 ရောဂါ ဓာတ်ခွဲ  စစ်ဆေးချက်များအရ ရောဂါပိုးရှိသူ လူနာ လေးဦးထံတွင် ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၂ ရက်တွင် ကြေညာခဲ့ပြီးနောက် COVID-19 ရောဂါပိုးရှိသူ လူနာ အရေအတွက်မှာ စုစုပေါင်း ၂၀ ဦးအထိ ရှိလာခဲ့ကြောင်း သိရသည်။

ယခုရောဂါပိုး တွေ့ရှိခဲ့သူ လေးဦးသည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case- 15) ၏ အနီးကပ်ထိတွေ့ဆက်စပ်သူ မိသားစုဝင် (၄)ဦးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ရှိ ၎င်းတို့၏နေအိမ်တွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ ၎င်း၏ ခင်ပွန်းဖြစ်သူ အသက် (၄၇)နှစ်၊ သားဖြစ်သူ အသက် (၁၀)နှစ်၊ သမီးဖြစ်သူ အသက် (၈)နှစ်နှင့် တူမဖြစ်သူ အသက် (၁၈)နှစ်၊ စုစုပေါင်း (၄)ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (Case-15) သည် ရန်ကုန်တိုင်းဒေသကြီး၊ နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ဗဟန်းမြို့နယ်၌ နေထိုင်သည့် အသက် (၄၅) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ကြောင်း သိရသည်။

ယခု ထပ်မံ စစ်ဆေး တွေ့ရှိခဲ့သည့် လူနာ လေးဦးအား သတ်မှတ်ဆေးရုံသို့ စနစ်တကျလွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးသွား မည် ဖြစ်ကြောင်း သိရသည်။ 

ထို့အတူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၉) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၉) ဦး နှင့် မန္တလေး  မြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ သတ်မှတ်ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနိုင်ရေး စီစဉ်လျက်ရှိသည့် လူနာသစ် (၄)ဦး၊ စုစုပေါင်း (၁၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။ 

ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။ 

ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာသဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)