Connect with us

MYANMAR

မြန်မာနိုင်ငံ၌ COVID-19 ရောဂါတိုက်ဖျက်ရေးအကူအညီပေးရန် တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ရောက်ရှိ 

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုများ တိုက်ဖျက်ရာ၌ အကူအညီပေးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ တစ်ဖွဲ့သည် ယနေ့ ဧပြီ ၈ ရက်တွင် လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက တရုတ်နိုင်ငံ၌ လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံများကို မိမိတို့ အနေဖြင့် ရယူလိုပါကြောင်း ၊ မြန်မာနိုင်ငံရှိ ဆေးသုတေသန ဦးစီးဌာန ၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတို့နှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ ဓာတ်ခွဲစစ်ဆေးခြင်းများကိုလည်း ကူညီပေးမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက် အလွန် အကျိုးရှိပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပို၍ အားဖြစ်စေသည့် သဘောလည်း ဖြစ်ကြောင်း ၊ ယခုကဲ့သို့ တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ လာရောက်ခြင်း အပေါ်  ကြိုဆိုပါကြောင်း ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့နှင့်အတူ ယူဆောင်လာသည့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင် အဖွဲ့နှင့်အတူ ယူဆောင်လာသည့် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများအား တွေ့ရစဉ်(ဆင်ဟွာ)

 

မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား တွေ့ရစဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က “တရုတ်ပညာရှင်အဖွဲ့ဟာ မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာပညာရှင်များနဲ့ဆွေးနွေးဖလှယ်မှုတွေ ၊ ပူးတွဲကူညီကုသမှု စတာတွေလုပ်ဆောင်သွားမှာပါ။ တရုတ်-မြန်မာ နှစ်နိုင်ငံ ဆေးဘက်ဆိုင်ရာပညာရှင်တွေအကြား ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ မြန်မာနိုင်ငံ COVID-19 တိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အတူ တရုတ်ဆေးဘက်ဆိုင်ရာ ပညာရှင်အဖွဲ့ အနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ရန် ရပ်ဝေးမှ ရောက်ရှိလာခြင်းမှာ နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဖော်ပြသကဲ့သို့ တရုတ်-မြန်မာ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း အေးအတူပူအမျှ စိတ်ဓါတ်ကို လက်တွေ့ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၊ အပြန်အလှန်ဖေးမကူညီပြီး လက်ရှိအခက်အခဲများကို အတူရင်ဆိုင်ကျော်လွှားကြမည် ဖြစ်ကြောင်း ၊ ယင်းမှာ အခက်အခဲအကြပ်အတည်း အရေးကြီးအချိန်တွင် နှစ်နိုင်ငံ အစိုးရနှင့်ပြည်သူ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။  

“ယခုကာလများမှာ တရုတ်နိုင်ငံပြည်တွင်း ကပ်ရောဂါထိန်းချုပ်မှုအခြေအနေဟာ ထိရောက်တဲ့တိုးတက်မှုတွေရှိသလို အတွေ့အကြုံကောင်းတွေလည်း ရရှိထားပါတယ်။ဒီအတွေ့အကြုံနဲ့လုပ်ဆောင်ပုံတွေကို မြန်မာနိုင်ငံရှိဆေးဘက်ဆိုင်ရာ ပညာရှင်များနဲ့အတူ မျှ ဝေသွားမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ကပ်ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ လည်း ပါဝင်ကူညီဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ထည့်သွင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖွဲ့နှင့်အတူ nucleic acid testing ဓါတ်ခွဲခန်းစက်ပစ္စည်းများ ၊ ဓါတ်ခွဲခန်းတွင်အသုံးပြုမည့်ပစ္စည်းများ ၊ N95 နှာခေါင်းစည်း ၈,၅၀၀ ခု ၊ Medical Mask ၆၀,၀၀၀ ခု ၊ ရောဂါကာကွယ်ရေးဝတ်စုံ ၅,၅၀၀ စသဖြင့် ရောဂါကာကွယ်ရေးအထောက်အပံ့ပစ္စည်းများ ၊ တရုတ်တိုင်းရင်းဆေး ၊ အနောက်တိုင်းဆေးဝါးများ အပါအဝင် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၅ ဒသမ ၃ တန် သယ်ဆောင်လာခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ ၏ခေါင်းဆောင် ဖြစ်သူ ယူနန်ပြည်နယ် တရုတ်တိုင်းရင်းဆေးဝါးစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားမှူးချုပ် ရန်လိကျွန်း(Yang Lijuan)က “တရုတ်နိုင်ငံ COVID-19 ရောဂါတိုက်ဖျက်ရေးနည်းလမ်းတွေနဲ့ အတွေ့အကြုံကောင်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနဲ့ ဓာတ်ခွဲခန်းရောဂါစမ်းသပ်မှုစတာတွေကို မြန်မာနိုင်ငံရှိ ဆေးဘက်ဆိုင်ရာပညာရှင်များနဲ့အတူ ဆွေးနွေးဖလှယ်မှုတွေပြုလုပ်သွားမှာပါ။ အခုအဖွဲ့မှာ အသက်ရှူလမ်းကြောင်း ပြင်းထန်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ၊ ကူးစက်ရောဂါဆိုင်ရာနဲ့ ဓါတ်ခွဲရောဂါစမ်းသပ်ပညာရှင်၊ တရုတ်တိုင်းရင်းဆေးပညာရှင်တွေပါပါတယ် ။ တရုတ်နိုင်ငံရဲ့ကပ်ရောဂါတိုက်ဖျက်ရေးမှာ တရုတ်တိုင်းရင်းဆေးဟာ အဓိကကျတဲ့နေရာမှာပါဝင်ခဲ့ပါတယ်။ ဒါကြောင့်လည်းကျွန်မတို့က တရုတ်တိုင်းရင်းဆေးပညာရှင်တွေကိုပါ ဒီအလုပ်မှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့တာပါ။ကျွန်မတို့ အဖွဲ့ကိုတော့ တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မရှင်က စေလွှတ်ပြီး ယူနန်ပြည်နယ်က ရွှေးချယ်စေလွှတ်တာပါ”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့တွင် ယူနန်ပြည်နယ် ရောဂါထိန်းချုပ်ရေးစင်တာ၊ ကူမင်းဆေးတက္ကသိုလ် အမှတ် (၁) ဆေးရုံ၊ ယူနန်ပြည်နယ် တရုတ်တိုင်းရင်းဆေး ဆေးရုံများမှ အသက်ရှူလမ်းကြောင်း ရောဂါ ကူးစက်ရောဂါ ၊ ပြင်းထန်ရောဂါ၊ ရောဂါစစ်ဆေးရေး၊ တရုတ်တိုင်းရင်းဆေး စသည့် နယ်ပယ်များမှ ကျွမ်းကျင် ပညာရှင် ၁၂ ဦး ပါဝင်ကြောင်း ၊  နှစ်ဖက် ဆွေးနွေးမှုများအရ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်အဖွဲ့သည် မြန်မာနိုင်ငံ၏ ကပ်ရောဂါအခြေအနေပေါ်မူတည်ပြီး နှစ်ပတ်ကြာခန့် နေမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)