Connect with us

MYANMAR

COVID-19 ရောဂါပိုးတွေ့ရှိသူ ၂ဦးသေဆုံးမှုသည် အပြင်းအထန် အဆုတ်ရောင်ရောဂါနှင့် နဂိုရောဂါအခံများကြောင့်ဟု ထုတ်ပြန်

ရန်ကုန်မြို့တွင်း လမ်းမပေါ်တွင် ပိုးသတ်ဆေးဖြန်းနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-17) နှင့် (Case-16) ယနေ့(ဧပြီ ၈ရက်) နံနက်ပိုင်းတွင် သေဆုံးမှုသည် လူနာများတွင်ရှိသော ရောဂါအခံနှင့် အပြင်းအထန် အဆုတ်ရောင်ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဧပြီ ၂ရက်၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရသဖြင့် ဓာတ်ခွဲအတည်ပြုလူနာ (Case -17) အဖြစ် ကြေညာခဲ့သည့် အသက် (၄၇) နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ အမျိုးသားတစ်ဦးသည် ဧပြီ ၆ ရက် နံနက်ပိုင်းတွင် ချောင်းဆိုးသွေးပါခြင်း၊ မောပန်း ခြင်း စသည့်လက္ခဏာများ ခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ပြည်မြို့ရှိ အထူးကြပ်မတ်ကုသခန်းသို့ ပြောင်းရွှေ့ကုသမှုခံယူစေခဲ့ပြီး အထူး ကြပ်မတ်ခန်း၌ ဆေးကုသမှုပေးနေစဉ် ဧပြီ ၇ ရက်နေ့တွင် အမောဖောက်ခြင်း၊ သွေးတွင်းအောက်စီဂျင်ဓာတ် ကျဆင်းခြင်း လက္ခဏာများခံစားခဲ့ရကြောင်း၊အဆိုပါ လူနာ၏ အခြေအနေသည် သက်သာလာခြင်းမရှိဘဲ ယနေ့ နံနက် ၃နာရီ ၄၀တွင် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးရသည့် အကြောင်း အရင်း (Cause of Death) မှာ ပြင်းထန်အဆုတ်ရောင် ရောဂါ ကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းနှင့် သွေးတိုးရောဂါအခံတို့ကြောင့် ဖြစ်သည်ဟု သတ်မှတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင်နေထိုင်သူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့ပြီး ဧပြီ ၁ရက်နေ့တွင် COVID-19 ရောဂါပိုးတွေ့ရှိခဲ့ရသဖြင့် ဓာတ်ခွဲ အတည်ပြုလူနာ (Case -16) အဖြစ် ကြေညာခဲ့သည့် အသက် (၆၃) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီးလူနာသည် ယနေ့ နံနက်ပိုင်းတွင် အပြင်းဖျားခြင်း၊ သတိကောင်းစွာမရခြင်း၊ သွေးပေါင်ချိန်ကျဆင်းခြင်း ဝေဒနာများခံစားခဲ့ပြီးယနေ့ နံနက် ၁၀နာရီ ၅မိနစ်အချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်း လူနာသေဆုံးမှုသည် ရုတ်တရက် နှလုံးသွေးကြောပိတ်၍ နှလုံးကြွက်သားပုပ်သွားခြင်း၊ (Acute Myocardial Infarct)၊ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Pneumonia)နှင့် အမျိုးအစား (၂) ဆီးချိုရောဂါနှင့် နာတာရှည် ကျောက်ကပ်ရောဂါနှင့် နှလုံး သွေးကြောကျဉ်းရောဂါအခံရှိခြင်း (Underlying Type –II Diabetes Mellitus, Chronic Kidney Disease and Ischemic Heart Disease)တို့ကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

မတ် ၃၁ ရက် နံနက် ၇နာရီ ၂၅ မိနစ်တွင် COVID-19 ရောဂါပိုးတွေ့ရှိထားသော အသက် ၆၉ နှစ်အရွယ်ရှိ Case-5 အမျိုးသားလူနာတစ်ဦးသည် ဝေဘာဂီဆေးရုံရှိ အထူးကြပ်မတ်ဆောင်အတွင် လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်၍ သွေးဆိပ်တက်ခြင်း ၊COVID-19 ကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် နှာခေါင်းကင်ဆာရောဂါအား ဓါတ်ရောင်ခြည်ဖြင့် ဆေးကုမှုခံယူနေခြင်း တို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးကြောင့် သေဆုံးသူ ၃ဦးရှိပြီး ရောဂါပိုးတွေ့ရှိထားသူ ၂၂ဦးထိရှိလာကြောင်း သိရသည်။(Xinhua)