Connect with us

MYANMAR

COVID-19 ရောဂါပိုး ရှိသူ တစ်ဦး ထပ်တိုး ၊ စုစုပေါင်း အရေအတွက် ၁၀၈ ဦးရှိလာ 

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းချနေသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ဓာတ်ခွဲစစ်ဆေးမှုများအရ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တစ်ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ည ၈ နာရီအချိန်တွင် ထုတ်ပြန်ခဲ့ပြီးနောက် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၀၈ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ထို့အတူ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက် ရှိသော Case-011 သည် ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ တတိယအကြိမ်ဓာတ်ခွဲ နမူနာနှင့် စတုတ္တအကြိမ် ဓာတ်ခွဲနမူနာတို့အားလည်းကောင်း၊ Case-015 သည် ရောဂါသက်သာ ကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယအကြိမ်ဓာတ်ခွဲနမူနာနှင့် တတိယအကြိမ် ဓာတ်ခွဲနမူနာ အား လည်းကောင်းရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံး တွင် COVID -19 ရောဂါပိုး မ‌ တွေ့ရှိတော့ကြောင်း ၊ ထို့ကြောင့် ယခုအခါ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် COVID-19 ရောဂါပိုး မတွေ့ရှိသည့်လူနာ စုစုပေါင်း (၇) ဦးရှိပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ COVID-19 ရောဂါပိုး မတွေ့ရှိသည့် လူနာ ၇ ဦးအနက် Case-004 နှင့် Case-007 တို့သည် ဆေးရုံမှဆင်းခွင့်ရရှိပြီး ၎င်းတို့ကို ဆက်လက်၍ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ၊ ကျန်လူနာ ၅ ဦးကို ဆေးရုံမှ မကြာမီဆင်းနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ 

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ယနေ့ ဧပြီ ၁၉ ရက် ပထမအသုတ်စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၈ ခုအနက် ၁ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရခြင်း ဖြစ်ပြီး ကျန်လူနာ ၁၈၇ ဦးတွင် COVID-19 ရောဂါ ပိုးမတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)