Connect with us

MYANMAR

YBS ယာဉ်လိုင်းများ ဇွန်လ တွင် ၇၅ ရာခိုင်နှုန်းအထိ ပြန်လည်ပြေးဆွဲပေးလျက်ရှိ

နှာခေါင်းစည်းဖြင့် YBS စီးနင်းနေသူအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) 

လုပ်ငန်းများ၊ ကုမ္ပဏီများ မှ တစ်ချို့ မှာ ပြန်လည်ဖွင့်လှစ်လာပြီဖြစ်သည့် အတွက် ဇွန်လတွင် YBS ယာဉ်အစီးရေ၇၅ ရာခိုင်နှုန်း အထိ ပြန်လည်ပြေးဆွဲပေးလျက်ရှိပြီး YBS စီးနင်းသည့် ခရီးသည်ဦးရေမှာ ၃ ပုံ ၁ အထိစီးနင်းသူရှိလာပြီဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင် ဆင်ဟွာကို ဇွန် ၁၃ ရက် တွင်ပြောသည်။ 

COVID-19 မတိုင်မီကာလ ပုံမှန်အခြေအနေမှာ  အရင်က နေ့စဉ် ကားပေါင်း ၄၅၀၀ ကျော်ပြေးဆွဲပေးခဲ့ပြီး၊  အခုဆိုရင် နေ့စဉ် ကားစီးရေ ၃၇၀၀ ဝန်းကျင်ပြန်လည်ပြေးဆွဲပေးနေပါကြောင်း၊  ကားစီးရေ ၇၅ ရာခိုင်နှုန်းမှာ စီးသူဦးရေ ၃ ပုံ ၁ ပုံ ပဲ ရှိတဲ့အတွက် ယာဉ်လိုင်းတွေ က တွက်ချေမကိုက်တာတွေရှိကြောင်း၊ ဒါကြောင့် တတ်နိုင်သမျှ ဖြေလျှော့မှုတွေ ဆောင်ရွက်ပေးနေကြောင်းဒေါက်တာမောင်အောင်ကပြောသည်။

ဇွန် ၁၂ ရက်တွင်  YBS ပြေးဆွဲလမ်းကြောင်းပေါင်း (၁၂၆) လိုင်းမှ မော်တော်ယာဉ်စီးရေ (၃,၆၅၆) စီးဖြင့် ခရီးသည် (၇၆၅,၃၅၂) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

COVID-19 ရောဂါကာလမတိုင်ခင် ဘတ်(စ်)ကားတစ်စီးလျှင် ခရီးသည်စီးနင်းမှုနှုန်း နေ့စဉ် ၅၀၀ ခန့်ရှိပြီး မတ်လကုန်ပိုင်းနှင့် ဧပြီလရုံးပိတ် ရက်ကာလများတွင် လူဦးရေ ၇၀ မှ ၁၀၀ ခန့်ရှိ ကြောင်း၊ မေလပိုင်းတွင် ၂၀၀ မှ ၃၀၀ ခန့်အထိရှိပြီး ယခုအခါ ၃၀၀ မှ ၄၀၀ ခန့်အထိ စီးနင်းလာကြောင်း သိရသည်။  (Xinhua)