Connect with us

VIDEO

မြန်မာ့တပ်မတော်ဆေးရုံ COVID-19 ဓာတ်ခွဲစမ်းသပ်ခန်း၌ တရုတ်တပ်မတော်မှ လှူဒါန်းသည့် စက်များ စတင်သုံး 

ရန်ကုန် ၊ မေ  ၅  ရက်(ဆင်ဟွာ)

မြန်မာ့ တပ်မတော် ဆေးရုံ ဖြစ်သည့် ရန်ကုန်မြို့ အမှတ် ၁ တပ်မတော်ဆေးရုံရှိ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်းတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ လှူဒါန်းသော စက်များ စတင် အသုံးပြု လည်ပတ်နေပြီ ဖြစ်ကြောင်း အဆိုပါ ဆေးရုံ၏ တပ်မှူး  ဗိုလ်မှူးချုပ် မြင့်ဇော်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ အဆိုပါ အမှတ် ၁ တပ်မတော်ဆေးရုံရှိ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်းတွင် အသုံးပြုရန် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာများ နှင့် ဆက်စပ်ပစ္စည်းများအား တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်ဆေးတက္ကသိုလ် မှ မေ ၄ ရက်တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ 

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က  တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး အချိန်တို အတွင်း မြန်မာ့တပ်မတော် အတွက် ဓာတ်ခွဲခန်းကို ပြီးစီးအောင် တည်ဆောက်ပေးခဲ့ကြောင်း ၊ မြန်မာ့တပ်မတော်အတွက် ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းဘက်၏ စွမ်းရည်ကို ပို၍ မြှင့်တင်ပေးနိုင်သည်ဟု ယူဆပါကြောင်း ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှု အပေါ် လေးစားပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။ 

အမှတ် ၁ တပ်မတော်ဆေးရုံ တပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)၏ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုက အကျိုးရှိကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အမှတ် ၁ တပ်မတော်ဆေးရုံရှိ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်း တွင် အသုံးပြုရန် စက်ကိရိယာ ၁၁ မျိုး ၊ Reagent များ နှင့် သုံးကုန်ပစ္စည်း ၁၆ မျိုးတို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ 

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ ခေါင်းဆောင် ပါမောက္ခ Dr. Bai Chong က  “ လက်ရှိ ရောက်ရှိခဲ့တဲ့ဆေးရုံဆေးခန်းတွေမှာတော့ နည်းစနစ်ကျပါတယ်။ ပစ္စည်းကိရိယာလည်း သင့်တင့်သလောက်တော့ရှိပါတယ်။ ကုသနေတဲ့ကျန်းမာရေးဝန်ထမ်းတွေကလည်း ယုံကြည်မှုအပြည့်ရှိပါတယ်။ ပြည်သူလူထုလည်း ဒီရောဂါကို အောင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာ နိုင်ငံက ဒါကို တိုက်ဖျက်နိုင်မယ်လို့  မျှော်လင့်ပါတယ်။”ဟု  ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့သည် အမှတ် ၁ တပ်မတော်ဆေးရုံရှိ COVID-19 ရောဂါ ဓာတ်ခွဲစမ်းသပ်ခန်း တည်ဆောက်မှုတွင် ပါဝင်ကူညီဆောက်ရွက်ပေးခဲ့ပြီး ၎င်းတို့နှင့်အတူတစ်ပါတည်းသယ်ဆောင်လာသည့် စက်ပစ္စည်းများနှင့် အသုံးပြုမည့် ဆက်စပ်ပစ္စည်းများကို စမ်းသပ်ခန်းတွင် တပ်ဆင်စစ်ဆေးခြင်း လမ်းညွှန်ရှင်းပြခြင်းများအား ဧပြီ ၃၀ ရက်တွင် ပြုလုပ်ခဲ့သည်။ 

မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေး အထောက်အကူ ဖြစ်နိုင်ရန် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ သည် ဒုတိယ အသုတ် အဖြစ် ဧပြီ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများ နှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.