Connect with us

WORLD

ရုရှားနိုင်ငံ ဝန်ကြီးချုပ် COVID-19 ရောဂါမှ ပြန်လည်သက်သာကောင်းမွန်လာ ၊ လုပ်ငန်းတာဝန်များ ပြန်လည်လုပ်ကိုင်လျက်ရှိ

ရုရှားနိုင်ငံ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင်က ဧပြီ ၃၀ ရက်တွင် teleconference မှတစ်ဆင့် အစိုးရ အဖွဲ့ဝင်များနှင့် အစည်းအဝေး တစ်ရပ် ကျင်းပနေစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၂၀ ရက်(ဆင်ဟွာ)

COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် မီခေးလ် မီရှုစတင်(Mikhail Mishustin) သည် ယခုအခါ ရောဂါမှ ပြန်လည် သက်သာ ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းသွားပြီးနောက်တွင် လုပ်ငန်းတာဝန်များကို ပြန်လည် ထမ်းဆောင်နေပြီဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ Boris Belyakov ၏ ပြောကြားချက်ကို ကိုးကား၍ မေ ၁၉ ရက်တွင်  Sputnik သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ 

ရုရှားဝန်ကြီးချုပ်သည် မေ ၁၉ ရက်တွင် အစိုးရအိမ်တော်ရှိ ၎င်း၏ ရုံးခန်း၌ online အစည်းအဝေး တစ်ရပ်အား ကျင်းပခဲ့ပြီး ရုရှားနိုင်ငံ သမ္မတ ဗလာဒီပူတင် နှင့်ပြုလုပ်မည့် အစည်းအဝေးအတွက် ပြင်ဆင်မှုပြုလုပ်နေကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူ Boris Belyakov က ပြောကြားခဲ့သည်။ 

ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုစတင်က မေ ၁၈ ရက်တွင် ဆေးရုံမှနေ၍  ရုရှားအစိုးရ ကူးစက်ရောဂါ တုံ့ပြန်ရေး ညှိနှိုင်းမှု ကောင်စီ၏ online အစည်းအဝေးတွင် သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ရုရှား နိုင်ငံ သမ္မတ ပူတင်သည် ဝန်ကြီးချုပ် မီခေးလ် မီရှုစတင်အား ရာထူးတာဝန်များ ပြန်လည် ထမ်းဆောင်ရန် အမိန့်တစ်ရပ်ကို မေ ၁၉ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ၊ ယင်းအမိန့်ကို Kremlin နန်းတော်၏ ဝက်ဆိုက်ဘ်၌ ထုတ်ပြန်ခဲ့ကြောင်း နှင့်  ချက်ချင်း အသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။ 

ရုရှား ဝန်ကြီးချုပ်သည် ဧပြီ ၃၀ ရက်တွင် COVID-19 ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆွေးတွေ့ရှိပြီးနောက် ဆေးရုံတက်ရောက် ကုသမှု ခံယူခဲ့ရသည်။ ထိုအချိန်မှစတင်ကာ ယင်း၏ လုပ်ငန်းတာဝန်များကို ဒုတိယဝန်ကြီးချုပ်(၁) Andrei Belousov က ယာယီတာဝန်ယူဆောင်ရွက်သွားရန် သမ္မတ ပူတင်က လက်မှတ်ရေးထိုးအမိန့်ထုတ်ပြန်ခဲ့သည်။

ရုရှား နိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနဝန်ကြီး Olga Lyubimova က ၎င်းသည်  ဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရမှုမှ ပြန်လည် သက်သာလာပြီး လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်နေပြီဖြစ်ကြောင်း မေ ၁၄ ရက်တွင်ပြောကြားခဲ့သည်။

Kremlin နန်းတော် ပြောရေးဆိုခွင့် ရှိသူ Dmitry Peskov က COVID-19 ရောဂါ ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ခဲ့ရသည့် ဆောက်လုပ်ရေး ဝန်ကြီး Vladimir Yakushev သည် ၎င်း၏ နေအိမ်၌ ကုသမှုများ ဆက်လက် ခံယူနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)