Connect with us

WORLD

ဂျော်ဒန်နိုင်ငံ ဘုရင်က COVID-19 ကူးစက်ရောဂါကို အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့ကြောင်း ပြောကြား 

ဂျော်ဒန်နိုင်ငံ အမ်မန်မြို့ရှိ အများပြည်သူသယ်ယူပို့ဆောင်ရေး ဘူတာရုံတစ်ခု၌ ပိုးသတ်ဆေးဖျန်းနေမှုအား တွေ့ရစဉ်(ဆင်ဟွာ)

အမ်မန် ၊ ဇူလိုင် ၁၃ ရက်(ဆင်ဟွာ) 

ဂျော်ဒန်နိုင်ငံ ဘုရင် အဗ္ဗဒူလာ ၂ (Abdullah II) က နိုင်ငံအနေဖြင့် COVID-19 ကူးစက်ရောဂါကို ကိုင်တွယ်စီမံခန့်ခွဲရာတွင် အောင်မြင်မှုရရှိခဲ့ကြောင်း နှင့် ယခုအခါ စီးပွားရေးကို အာရုံစိုက်ရန် အချိန် ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက်တွင် ပြောကြားခဲ့သည်။

ဂျော်ဒန်နိုင်ငံ ဘုရင်က ဌာနအသီးသီးမှ ခေါင်းဆောင်များနှင့် ပြုလုပ်သော အစည်းအဝေး တစ်ခုတွင် လာမည့် အဓိကစိန်ခေါ်မှုများမှာ စီးပွားရေး ပြန်လည်ကောင်းမွန်ရေး ၊ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး နှင့် အလုပ်လက်မဲ့ ဖြေရှင်းရေးတို့ကို ဆောင်ရွက်သွားရန် ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ 

ဂျော်ဒန်နိုင်ငံ ဘုရင်က COVID-19 ရောဂါ ဖြစ်ပွား ပြီးနောက် ဂျော်ဒန်နိုင်ငံသည် ပို၍ အားကောင်းလာမည် ဖြစ်ပြီး နိုင်ငံအနေဖြင့် စိန်ခေါ်မှုများ ရှိနေသော်လည်း ဆေးဝါး ၊ အဆင့်မြင့်စိုက်ပျိုးရေး နှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်မှု ကဏ္ဍများတွင် အကောင်းဆုံးအလားအလာ ရှိကြောင်း ထပ်မံပြောကြားခဲ့သည်။ 

ဂျော်ဒန်နိုင်ငံဘုရင်က လယ်ယာစိုက်ပျိုးရေး နှင့် စက်မှုထုတ်လုပ်မှုတွင် ထိရောက်သော ရလဒ်များ ရရှိရန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ နှင့် ပြည်သူများအကြား ညှိနှိုင်းဆောင်ရွက်မှု၏ အရေးပါမှုများကို အလေးထားပြောကြားခဲ့သည်။ ဂျော်ဒန်ကျန်းမာရေး ဝန်ကြီးဌာန၏ ဇူလိုင် ၁၂ ရက် ထုတ်ပြန်မှုအရ နိုင်ငံအတွင်း COVID-19 လူနာသစ် ၃ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ၁,၁၇၉ ဦးထိ တိုးလာခဲ့ကြောင်း သိရသည်။ 

တရုတ်နိုင်ငံက ဂျော်ဒန်နိုင်ငံ၏ ကပ်ရောဂါဆန့်ကျင်တိုက်ဖျက်ရေးကို ထောက်ခံအားပေးခဲ့ပြီး မေ ၃၁ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တိုက်ဖျက်ရာတွင် အကူအညီဖြစ်စေရန် ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်း ပထမ အသုတ်ကို ဂျော်ဒန်နိုင်ငံသို့ ပေးပို့ခဲ့ကြောင်း သိရသည်။ (Xinhua)