Connect with us

WORLD

ဂျပန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁,၃၁၃ ဦးအထိရှိလာ၊ တိုကျို ဒေသခံများအား စနေ နှင့် တနင်္ဂနွေနေ့များတွင် နေအိမ်၌သာ နေထိုင်ရန် ပြောကြား 

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ အဆာကူဆာခရိုင်တွင် လူအများသွားလာနေကြသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တိုကျို၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဂီဖူး၊ ဟီရိုရှီးမားနှင့် အိုကီနာဝါ စီရင်စုများတွင် COVID-19 ကူးစက်မှု အသစ် ခြောက်ဦးရှိခဲ့ကြောင်း အတည်ပြုလိုက်ပြီးနောက် ဂျပန်နိုင်ငံ၌ မတ် ၂၆ ရက် ဒေသစံတော်ချိန် နံနက် ၁၁:၀၀ နာရီအထိ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁,၃၁၃ ဦး ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒေသတွင်းအစိုးရက ပြောကြားလိုက်သည်။

အဆုတ်ရောင်ရောဂါ ဖြစ်ပွားစေသော ဗိုင်းရပ်စ်ကြောင့် တိုကျိုမြို့အနီးရှိ ယိုကိုဟားမားတွင် ဗိုင်းရပ်စ်ကူးစက်ခံရ၍ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုခံနေရသော Diamond Princess ပင်လယ်ကူးသင်္ဘောပေါ်မှ လူစာရင်းများအပါအဝင် သေဆုံးသူအရေအတွက်မှာ စုစုပေါင်း ၅၅ ဦးရှိလာပြီဟု ကျန်းမာရေးဝန်ကြီးဌာန အဆိုအရ သိရသည်။

ဂျပန်နိုင်ငံတွင် COVID-19 ဖြစ်ပွားကြောင်း အတည်ပြုလူနာ ၁,၃၁၃ ဦးရှိသည့်အနက် အများစုမှာ မြို့တော် တိုကျိုမှဖြစ်ပြီး ၂၁၂ ဦးရှိကြောင်း သိရသည်။မြို့တော် တိုကျိုတွင် ရောဂါကူးစက်သူအရေအတွက် မြင့်တက်လာသဖြင့် ပြည်သူလူထုအား ယခုစနေနှင့် တနင်္ဂနွေနေ့များတွင် နေအိမ်၌ပင် နေထိုင်ကြရန် တိုကျို အုပ်ချုပ်ရေးမှူး ယူရီကို ကိုအီခဲ (Yuriko Koike) က တောင်းဆိုထားသည်။ 

“တိုကျိုမှာ ရောဂါကူးစက်မှု အရေအတွက်ဟာ အလျင်အမြန်မြင့်တက်နေလို့ ကာကွယ်ရေးအတွက် အရေးကြီးအဆင့်နဲ့ ရင်ဆိုင်နေရတယ်” ဟု ကိုအီခဲက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ပြီး နေအိမ်မှပင် အလုပ်လုပ်ကြရန်နှင့် ညနေခင်းအပြင်ထွက်မှုများကို ဖြစ်နိုင်မျှရှောင်ရှားကြရန် တိုက်တွန်းခဲ့သည်။ဂျပန်နိုင်ငံ၌ COVID-19 ကူးစက်ခံရပြီး ရောဂါလက္ခဏာ တိုးတက်ကောင်းမွန်လာ၍ ဆေးရုံများမှ ဆင်းခွင့်ရခဲ့သူ ၉၀၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဖော်ပြချက်အရ သိရသည်။  (Xinhua)