Connect with us

WORLD

ရုရှားနိုင်ငံ သမ္မတပူတင်နှင့် တွေ့ဆုံခဲ့သော ရုရှား ဆေးရုံအုပ်တွင် COVID-19 ရောဂါ စမ်းသပ်တွေ့ရှိ ၊ ပူတင် ကျန်းမာရေးကောင်းမွန်ဟုဆို

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် ဒေါက်တာ ဒင်းနစ်ပရိုဆန်ကိုတို့အား ကိုရိုနာဗိုင်းရပ်စ်ကုသရေးဆေးရုံတွင် မတ် ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကရင်မလင်နန်းတော်)

မော်စကို၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်နှင့် မကြာသေးမီက တွေ့ဆုံခဲ့သော ရုရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် အဓိက ကုသရေးဆေးရုံ၏ ဆေးရုံအုပ်ဖြစ်သူထံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။

‘ဟုတ်ပါတယ်၊ ကျွန်တော့်မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိထားပါတယ်။ ဒါပေမဲ့ ကျွန်တော် ကျန်းမာရေးအတော်လေးကောင်းနေပါတယ်” ဟု ဒေါက်တာ ဒင်းနစ်ပရိုဆန်ကို (Denis Protsenko) က ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ မတ် ၃၁ ရက်တွင် ရေးသားခဲ့သည်။ ၎င်းသည် ကိုယ်တိုင်သီးခြားခွဲနေထိုင်လျက်ရှိပြီး အဝေးကနေသာ အလုပ်လုပ်ကိုင်နေသည်ဟု ဖြည့်စွက်ပြောကြားခဲ့ပါသည်။ 

ကရင်မလင်နန်းတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Pestkov) က ‘သမ္မတပူတင်ဟာ ကိုရိုနာဗိုင်းရပ်စ်အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူနေပြီး အားလုံးကောင်းမွန်ပါတယ်’ ဟု သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ ဒေါက်တာ ပရိုဆန်ကိုသည် မတ် ၂၄ ရက်က ပူတင်နှင့် အခြားအဆင့်မြင့်အရာရှိများအား ဆေးရုံအတွင်း  လိုက်လံပြသခဲ့ပြီး ၎င်းနှင့်သမ္မတပူတင်တို့ လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံများ ပေါ်ထွက်လာခဲ့ကြောင်းသိရသည်။   (Xinhua)