Connect with us

WORLD

COVID-19 ပူးပေါင်းတိုက်ဖျက်မှုက ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံ ဆက်ဆံရေးတွင် ပိုမိုအားကောင်းစေဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြော

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန်အား COVID-19 နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင် ၊ ဧပြီ ၈ (ဆင်ဟွာ)

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ကမ္ဘောဒီးယား နှင့်တရုတ်နိုင်ငံအကြား အပြန်အလှန်ကူညီမှုများက နှစ်နိုင်ငံဆက်ဆံမှုကို ပိုမိုအားကောင်းစေပြီး အဆင့်သစ်ရောက်အောင်မြှင့်တင်ပေးခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် တက်ခ်ချို ဟွန်ဆန် (Samdech Techo Hun Sen) က ဧပြီ ၇ ရက်တွင် ပြောခဲ့သည်။

“လိုအပ်နေချိန်မှာကူညီတာ တကယ့်မိတ်ဆွေကောင်းပဲ” ဟု ကမ္ဘောဒီးယားနိုင်ငံ ၏ COVID-19 နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

“ ဒီဖြစ်ရပ်အပြီး ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံ ခင်မင်ရင်းနှီးမှု ပိုမိုလာပြီးအဆင့်သစ် တစ်ရပ်ရောက်ရှိလာပါလိမ့်မယ်” ဟု ဟွန်ဆန်က ဆိုသည်။

ဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက အခက်အခဲနှင့်ရင်ဆိုင်နေရချိန် စည်းလုံးညီညွတ်မှုကိုပြသရန် ဖေဖော်ဝါရီ ၅ ရက်က ၎င်းအနေဖြင့် ပေကျင်းသို့သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံသို့ ဆေးပစ္စည်းများလည်းလှူဒါန်းခဲ့သည်ဟု  ဟွန်ဆန်က  ပြောကြားခဲ့သည်။

မကြာသေးမီအချိန်က တရုတ်နိုင်ငံတွင် COVID-19 ကို ထိန်းချုပ်နိုင်သည့်အခြေအနေ ရောက်ရှိပြီးနောက်   အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံက  ကမ္ဘောဒီးယားနိုင်ငံနှင့် အခြားနိုင်ငံများသို့  ဗိုင်းရပ်စ်တိုက်ဖျက်မှုကို ကူညီနိုင်ရန် ဆေးပညာကျွမ်းကျင်သူများနှင့်အထောက်အပံ့များ ပေးပို့ခဲ့သည်ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

“နိုင်ငံများကြားပူးပေါင်းဆောင်ရွက်မှု အတွက် စံပြတစ်ခုဖြစ်တယ်” ဟု သူကဆိုသည်။ ‘

“တရုတ်နိုင်ငံရဲ့ဆေးဘက်ဆိုင်ရာအကူအညီဟာ အချိန်မီပြီး အရမ်းအရေးကြီးပါတယ်၊ တရုတ်နိုင်ငံဟာ ကမ္ဘောဒီးယားနိုင်ငံကို ဆက်လက်ပြီးကူညီမယ်လို့မျှော်လင့်တယ်” ဟု ပြောပါသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ယခုအထိ COVID-19 ကူးစက်ခံရမှုအတည်ပြုလူနာ စုစုပေါင်း ၁၁၅ ဦးရှိပြီး ၎င်းတို့အနက် ၅၈ ဦး ပြန်လည်သက်သာကောင်းမွန်သွားကြောင်း ကျန်းမာရေးဝန်ကြီးဌာန အဆိုအရသိရသည်။  (Xinhua)