Connect with us

Environment, Disasters & Accidents

အားကောင်းသောမုန်တိုင်းငယ် ၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးကြီးခြင်း၊ မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်

အားကောင်းသည့်မုန်တိုင်းငယ်ဖြစ်ပေါ်သည့် မိုးဇလဂြိုဟ်တုမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ- မိုးဇလ)

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အိန္ဒိယကမ်းခြေ ကိုဝင်ရောက်ပြီး ကုန်းတွင်းဖြတ်ကျော်လျက်ရှိသော အားကောင်းသောမုန်တိုင်း၏ အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် မိုးကြီးခြင်း၊ မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းများဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများ သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ဆင်ဟွာသို့ စက်တင်ဘာ ၁၃ ရက်တွင်ပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ကြောင်းဦးလှထွန်းကဆိုသည်။
၎င်းက “ဒီနှစ်ကတော့ မုန်တိုင်းအရှိန်ကြောင့် မိုးဆက်ရွာနိုင်သေးတော့ မိုးနှောင်းကာလမှာ မုတ်သုံ အားကောင်းတယ်လို့ ပြောလို့ရတယ်။ မိုးနှောင်းကာလတွေ မှာ ပြည်သူတွေ အနေနဲ့ မိုးထစ်ချုန်းခြင်း၊ မိုးတိမ်တောင်ဖြစ်ပေါ်ခြင်းတွေကြောင့် မိုးကြိုးအန္တရာယ်ကို သတိပြုသင့်ပါတယ်’’ ဟု ဆက်လက်ပြောကြားခဲ့သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)အထိတိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း မိုးဇလမှ သိရသည်။

ထို့ပြင် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကြိုတင်သတိပြုသင့်ကြောင်း မိုးဇလမှ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားသည်။ (Xinhua)