Connect with us

Agriculture

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ မိုးစပါး ၁၅ သန်းနှင့် နွေစပါး ၂ သန်း စိုက်ပျိုးရန် လျာထားကြောင်းဆို

လယ်ယာစိုက်ပျိုးနေသည့် တောင်သူတချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ မိုးစပါး ၁၅ သန်း နှင့် နွေစပါး ၂ သန်း စိုက်ပျိုးရန် လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆင်ဟွာသို့ ဇန်နဝါရီ ၉ ရက်တွင်ပြောသည်။

“မိုးစပါးလျာထားချက်က အရင်ဘတ်ဂျက်နှစ်အတိုင်းပါပဲ။ နွေစပါးကတော့ မနှစ်က မိုးကောင်းခဲ့တော့ နွေစပါး ၂ ဒဿမ ၇၈ သန်း လျာထားစိုက်ပျိုးခဲ့တယ်။ ဒီနှစ်ကတော့ ရေရရှိမှု နည်းခဲ့တော့ လျာထားချက် နည်းနည်းလျော့ခဲ့တယ်။ နွေစပါးက ရေအရမ်းလိုတော့ တောင်သူတွေကို တခြားသီးနှံပြောင်းစိုက်ဖို့ ပညာပေးဆောင်ရွက်တာတွေ လုပ်ဆောင်ပါတယ်။ နွေစပါးလျှော့စိုက်လို့ အထွက်နှုန်းမှာ ပြဿနာမရှိပါဘူး။ မြန်မာနိုင်ငံအနေနဲ့က အမြဲတမ်း ပြည်တွင်းမှာဆန် ပိုလျှံပြီး ပြည်ပကို ပို့နေရတဲ့ ထုတ်ကုန်ဖြစ်ပါတယ်’’ ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

လက်ရှိကာလသည် COVID-19 ကာလဖြစ်သော်လည်း စိုက်ပျိုးရေးဘက်တွင်တော့ အခြားလုပ်ငန်းများကဲ့သို့ များစွာထိခိုက်မှု မရှိနိုင်ကြောင်း ဆိုသည်။

“COVID-19 ကာလဖြစ်ပေမယ့် လယ်ယာလုပ်ငန်းခွင်က စက်ရုံ၊ အလုပ်ရုံတွေနဲ့ သဘာဝက မတူဘူး။ အခန်းပိတ်ထဲမှာ လုပ်ရတာမဟုတ်ဘူး။ အဲဒါလေးက ကွာခြားချက်ပေါ့။ ထွန်ယက်တဲ့ အပိုင်းက တစ်ယောက်ချင်း လုပ်ရတာဆိုတော့ လူစုလူဝေးတော့ မလိုဘူး။ ကောက်ရိတ်ချိန်နဲ့ ကောက်စိုက်ချိန်ကတော့ Social Distancing လုပ်ရမှာပေ့ါ’’ ဟု ဦးမျိုးတင့်ထွန်း က ဆက်ပြောသည်။

မြန်မာနိုင်ငံ၌ နှစ်အလိုက် မိုးစပါးနှင့် နွေစပါး စုစုပေါင်းစိုက်ပျိုးမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒဿမ ၃၇ သန်း၊ နွေစပါး ၂ ဒဿမ ၄၅ သန်းဖြင့် စုစုပေါင်း စိုက်ဧက ၁၇ ဒဿမ ၈၂ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒဿမ ၂၄ သန်း၊ နွေစပါး ၂ ဒဿမ ၄၆ သန်းဖြင့် စုစုပေါင်း စိုက်ဧက ၁၇ ဒဿမ ၇၀ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒဿမ ၂၂ သန်း၊ နွေစပါး ၂ ဒဿမ ၇၁ သန်းဖြင့် စုစုပေါင်း စိုက်ဧက ၁၇ ဒဿမ ၉၃ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၁၅ ဒဿမ ၀၈ သန်း၊ နွေစပါး ၂ ဒဿမ ၇၈ သန်းဖြင့် စုစုပေါင်း စိုက်ဧက ၁၇ ဒဿမ ၈၆ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် မိုးစပါး ၁၄ ဒဿမ ၉၈ သန်း၊ နွေစပါး ၂ ဒဿမ ၃၃ သန်းဖြင့် စုစုပေါင်း စိုက်ဧက ၁၇ ဒဿမ ၃၁ သန်း စိုက်ပျိုးခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် နွေစပါးကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး နွေစပါး သက်တမ်းမှာ ရက် ၉၀ ရှိပြီး မိုးစပါးထက် အထွက်ပိုများကြောင်း သိရသည်။ မိုးစပါးကို မိုးစတင်ရွာသွန်းသည့်အချိန်တွင် စိုက်ပျိုးပြီး စပါးစိုက်ပျိုးသည့် သက်တမ်းမှာ ၄ လဝန်းကျင်ရှိကြောင်းဆိုသည်။

“မိုးစပါးက မိုးရေရတာနဲ့ စတင်စိုက်ပျိုးကြတယ်။ ပျိုးထောင်ကြတယ်။ မိုးနောက်ကျရင်တော့ စောင့်ရတာရှိတယ်။’’ ဟု ၎င်းကဆက်ပြောသည်။ စပါးကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စိုက်ပျိုးပြီး ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အဓိက စိုက်ပျိုးကြကြောင်း သိရသည်။ (Xinhua)