Connect with us

Culture & Entertainment

ပုဂ္ဂလိက ရုပ်သံလိုင်းသစ်များ ခွင့်ပြုနိုင်ရန် မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်သံလွှင့် ဥပဒေကို ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

ပုဂ္ဂလိက ရုပ်သံလိုင်းသစ်များ ခွင့်ပြုနိုင်ရန် မြန်မာနိုင်ငံ၏ ပထမဦးဆုံး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဩဂုတ်လ ၂၆ ရက်နေ့၌ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆင်ဟွာကို ပြောကြားသည်။

ဥပဒေကြမ်းပါ အချက်များမှ ဆွေးနွေး အတည်ပြုရန် ဆိုင်းငံ့ထားသော ကျန်ရှိ နေသည့် ပုဒ်မတစ်ခုကို ထပ်မံ အတည် ပြုလိုက်ခြင်း ဖြစ်ပြီး ယင်းပုဒ်မတွင် လွှတ်တော် နှစ်ရပ်နှင့် အစိုးရမှ ၃ ဦးစီ ပါဝင်သော ၉ ဦးပါ ကောင်စီကို ဖွဲ့စည်းမည် ဖြစ်ပြီး၊ ရုပ်/သံ ထုတ်လွှင့်ခြင်း လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ သက်တမ်း တိုးခြင်းနှင့် ရုတ်သိမ်းခြင်း တို့ကို ကောင်စီက ဆုံးဖြတ်မည် ဖြစ်သည်။ ကောင်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက ရက်ပေါင်း ၃၀ အတွင်း သမ္မတထံ အယူခံ ဝင်နိုင်သည် ဟု ပြည်ထောင်စု လွှတ်တော်တွင် ယနေ့ အတည်ပြု ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်မှ ဆွေးနွေးသည့် အတိုင်း အတည်ပြုရန် မဲခွဲ ဆုံးဖြတ်သည့် အခါ ထောက်ခံမဲများ သည့်အတွက် လွှတ်တော်၏ ပြင်ဆင်ချက် အတိုင်း အတည်ပြု လိုက်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်းမှ ကြေညာခဲ့ပြီး ယင်းဥပဒေကြမ်းကို သမ္မတထံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်တွင် အတည်ပြု ပြီးနောက် နိုင်ငံတော် သမ္မတမှ လက်မှတ်ထိုးပြီး နည်းဥပဒေ ရေးဆွဲပြီးပါက အဆိုပါ နည်းဥပဒေ နှင့် အညီ ပုဂ္ဂလိက ရုပ်မြင်သံကြား လိုင်းများအား ခွင့်ပြုပေးမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင့်ဆွေက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ဦးတင့်ဆွေက “ သမ္မတ လက်မှတ် ထိုးပြီးရင် ရုပ်မြင်သံကြား ကြီးကြပ်ရေး ဖွံ့ဖြိုး တိုးတက်မှု ဗဟိုအဖွဲ့ နဲ့ Broadcasting Council ဖွဲ့မယ်။ ပြီးရင် နည်းဥပဒေ ရေးဆွဲရမယ်။ နည်းဥပဒေ ရေးဆွဲ ပြီးစီးမယ့် အချိန်ကတော့ ၆ လ နဲ့ ၁ နှစ်လောက် ကြာနိုင်မယ်လို့ ထင်ပါတယ်’’ ဟုပြောသည်။

လက်ရှိတွင် ရွှေသံလွင်ကုမ္ပဏီမှ ထုတ်လွှင့် နေသည့် SKY NET ရုပ်သံလိုင်းနှင့် Forever ကုမ္ပဏီမှ ထုတ်လွှင့်နေသော MRTV-4 အခပေး ရုပ်သံလိုင်းများ ကိုသာ ပြန်ကြားရေး ဝန်ကြီးဌာနက ခွင့်ပြု ပေးထားပြီး၊ အသံလွှင့် ဌာန အက်ဖ်အမ် (FM) လိုင်း ၆ လိုင်းဖြစ်သည့် ရွှေအက်ဖ်အမ်၊ မန္တလေး အက်ဖ်အမ်၊ ပဉ္စဝတီ အက်ဖ်အမ်၊ ချယ်ရီ အက်ဖ်အမ်၊ ပတ္တမြား အက်ဖ်အမ်နှင့် ပုဂံ အက်ဖ်အမ်တို့အား ခွင့်ပြု ပေးထားကြောင်း၊ အဆိုပါ ခွင့်ပြုထားသည့် ရုပ်မြင်သံကြားလိုင်းများ နှင့် အက်ဖ်အမ် လိုင်းများသည် ရုပ်မြင်သံကြားနှင့် အသံ ထုတ်လွှင့်ခြင်းဆိုင်ရာ နည်းဥပဒေ မထွက်မီ ၁ နှစ်အတွင်း ဆက်လက် လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်ပြီး၊ နည်းဥပဒေ ထွက်ရှိလာပါက ယင်း နည်းဥဒေနှင့် အညီ လိုင်စင် ပြန်လည် လျှောက်ထားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုလိုက်နိုင်တဲ့ အတွက် နောက်ထပ် ပုဂ္ဂလိက ရုပ်မြင်သံကြားဌာန တွေ ပေါ်ပေါက် လာမှာပါ။ ဒါက ကောင်းတဲ့ အလားအလာပါ။ ဒါကြောင့် လွှတ်တော်ကလည်း အများစုက ထောက်ခံကြတာပါ’’ ဟုပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.