Connect with us

Culture & Entertainment

ဦးချစ်မောင်လမ်းဘက်မှ တာမွေလမ်းဆုံ ခုံးကျော်တံတား မဟာသြင်္ကန် အကျနေ့တွင် စတင် ဖြတ်သန်းခွင့် ပြုမည်

တာမွေ ခုံးကျော်တံတား၏ အစိတ်အပိုင်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

ရွှေတောင်ကုမ္ပဏီမှ အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသော တာမွေလမ်းဆုံ ဝိုင်ပုံ သဏ္ဌာန် ခုံးကျော်တံတား ပင်မလမ်းကြောင်း ဦးချစ်မောင်လမ်း ဘက်ခြမ်း အပိုင်း(၁) ကို ဧပြီလ ၁၃ ရက် (သြင်္ကန်အကျ) နေ့တွင် ယာဉ်များ စတင် ဖြတ်သန်းခွင့် ပြုမည် ဖြစ်ကြောင်း တံတား တည်ဆောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ တာမွေ လမ်းဆုံ ဝိုင်ပုံသဏ္ဌာန် ခုံးကျော်တံတားကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂ဝ၁၅ ခုနှစ် သြဂုတ်လ ဆန်းပိုင်းက ရွှေတောင် ဆောက်လုပ်ရေး အနေဖြင့် တင်ဒါအောင်ပြီး စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အပိုင်း (၁) ဦးချစ်မောင်လမ်း ဘက်ခြမ်းကို ယခု ဧပြီလ ၁၃ ရက်တွင် စတင် ဖြတ်သန်းခွင့် ပြုမည် ဖြစ်ပြီး ကျန်အပိုင်း (၂) အရှေ့ မြင်းပြိုင်ကွင်း လမ်းကို လာမည့် ဇွန်လ ပိုင်းထဲတွင် ဖြတ်သန်း သွားလာခွင့် ပြုနိုင်ရန် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။

တာမွေ လမ်းဆုံ ဝိုင်ပုံ သဏ္ဌာန် ခုံးကျော် တံတားသည် ရန်ကုန် တိုင်းဒေသကြီး တာမွေမြို့နယ် ဗညားဒလလမ်း၊ ဦးချစ်မောင်လမ်းနှင့် အရှေ့မြင်းပြိုင် ကွင်းလမ်း ငါးခွဆုံကို ဗဟိုပြုကာ ဝိုင်ပုံသဏ္ဌာန် တည်ဆောက်လျက် ရှိပြီး ရန်ကုန်မြို့တွင်း တည်ဆောက်ပြီး ခုံးကျော်တံတားများနှင့် တည်ဆောက်ဆဲ ခုံးကျော်တံတားများ ထဲတွင် အရှည်ဆုံး ဖြစ်လာမည့် ခုံးကျော်တံတား ကြီးဖြစ်သည်။

တံတား ပုံသဏ္ဌာန်မှာ ဝိုင်ပုံသဏ္ဌာန် ဖြစ်ပြီး ဗညားဒလလမ်းနှင့် ဦးချစ်မောင်လမ်း ဘက်ခြမ်း တံတား အရှည်သည် ၂,၈၇၅ ဒသမ ဝ၇ ပေရှိပြီး နှစ်လမ်းမောင်း လေးလမ်းသွား ဖြစ်ကာ အရှေ့မြင်းပြိုင်ကွင်း လမ်းဘက်သို့ ခွဲထွက်သွားသော လက်တက်ပွား နှစ်လမ်းမောင်း တစ်လမ်းသွားအဖြစ် အသုံးပြုမည့် ခုံးကျော်တံတားသည် အရှည် ၁,၉၇၁ ဒသမ ၅၂ ပေ ရှည်မည် ဖြစ်သည်။ တံတားအမျိုးအစားမှာ သံကူ ကွန်ကရစ် လွန်တူး ဘိုးပိုင်ဖြစ်ပြီး တံတားအပေါ်ထည်ကို သံမဏိ ရက်မနှင့် သံကူ ကွန်ကရစ် ကြမ်းခင်း လက်ရန်းများ တပ်ဆင် တည်ဆောက် လျက်ရှိသည်။ တံတားအကျယ်မှာ ဗညားဒလလမ်း-ဦးချစ်မောင်လမ်းဘက် ပင်မတံတားသည် ၄၂ ပေ ၈ လက်မ၊ အရှေ့ မြင်းပြိုင်ကွင်း လမ်းဘက်လက် တက်ပွားတံတားသည် ၂၃ ပေရှိကာ တံတားအောက် ကင်းလွတ်အမြင့်မှာ ၁၆ ပေရှိပြီး ယာဉ်တစ်စီးချင်းစီ ခွင့်ပြု တန်ချိန်မှာ ၇၅ တန် အထိ ခံနိုင်ဝန် ရှိမည် ဖြစ်သည်။
ယခု အကောင်အထည်ဖော် တည်ဆောက်နေသည့် လမ်းငါးခွဆုံ ဝိုင်ပုံ သဏ္ဌာန် ခုံးကျော်တံတားကို မြန်မာငွေကျပ် ၂၂ ဒသမ ၅ ဘီလီယံဖြင့် ရွှေတောင် ကုမ္ပဏီက အောင်မြင်ခဲ့ပြီး တည်ဆောက်နေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.