Connect with us

Education & Health

စွန့်ဦး တီထွင် လုပ်ငန်းများကို အားပေး ကူညီ ပံ့ပိုးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် တိုက်တွန်း

ဒုတိယအကြိမ် မြန်မာနိုင်ငံ လူငယ် စွန့်ဦး တီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီး ညီလာခံ ၂၀၁၇ ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မိန့် ခွန်း ပြောကြားစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)

စွန့်ဦးတီထွင်ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာစေရေး အတွက် စွန့်ဦးတီထွင်လုပ်ငန်းများကို အားပေးကူညီ ပံ့ပိုးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားခဲ့သည်။

“ကျွန်မတို့ နိုင်ငံမှာ စွန့်ဦးတီထွင်ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေါ်လာစေဖို့အတွက် အစိုးရပိုင်းအနေနဲ့လည်း ပြည်ထောင်စု အဆင့် သာမက တိုင်းဒေသကြီး အစိုးရတွေ ကပါ ကိုယ့်တိုင်းဒေသမှာ ရှိကြတဲ့ စွန့်ဦး တီထွင် လုပ်ငန်း တွေကို အားပေးကူညီ ပံ့ပိုးကြဖို့တိုက်တွန်းပါတယ်။”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒီဇင်ဘာ ၉ ရက်တွင် နေပြည်တော်၌ ပြုလုပ်သော ဒုတိယအကြိမ် မြန်မာနိုင်ငံ လူငယ် စွန့်ဦး တီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီး ညီလာခံ ၂၀၁၇ ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

ဒုတိယအကြိမ် မြန်မာနိုင်ငံ လူငယ် စွန့်ဦး တီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီး ညီလာခံ ၂၀၁၇ ဖွင့်ပွဲ အခမ်းအနား အပြီး စုပေါင်း မှတ်တမ်းတင် ရိုက်ကူးစဉ်(ဓာတ်ပုံ- Myanmar State Counsellor Office)

ယခု အခါတွင် အစိုးရ အနေဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တွန်းအားပေး လုပ်ဆောင်ပေး လျက်ရှိကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။နိုင်ငံ သိက္ခာရှိရှိ ၊ တောင့်တင်း ခိုင်မာစွာ ရပ်တည်နိုင်ရန် စီးပွားရေး တိုးတက်မှုက အရေးကြီး လှကြောင်း ၊ လူငယ်အင်အား နှင့် စီးပွားရေး အင်အား ပေါင်းပြီး နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒေသတွင်း နိုင်ငံများတွင် တီထွင် ဆန်းသစ်မှု ၊ အီလက်ထရောနစ် စနစ်ဖြင့် ကူးသန်း ရောင်းဝယ်ရေး နှင့် ဒီဂျစ်တယ် စီးပွားရေးတို့ကို သွားနေသည့် အချိန် ဖြစ်ပြီး မြန်မာလူငယ်များ အနေဖြင့်လည်း နောက်ကျ ကျန်ရစ်၍ မဖြစ်ကြောင်း ဒေသတွင်း နိုင်ငံများရှိ လူငယ် လုပ်ငန်းရှင်များနှင့် ရင်ဘောင်တန်း နိုင်ရန် ကြိုးစားကြရမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံမှ ထွက်ကုန်များကို ဝယ်လိုအား ဈေးကွက်အပေါ် အခြေခံပြီး နည်းပညာ အသစ်များ နှင့် ပိုမိုကောင်းမွန်သော အရည်အသွေး ရရှိအောင် တီထွင် ဆန်းသစ် ထုတ်လုပ်ကြရန် ၊ ကုန်ကြမ်းတင်ပို့ ရောင်းချခြင်းထက် တန်ဖိုးမြင့် ထွက်ကုန်များကို ထုတ်လုပ်ပြီး ပြည်ပကို တင်ပို့ရောင်း ချနိုင်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဒုတိယအကြိမ် မြန်မာနိုင်ငံ လူငယ် စွန့်ဦး တီထွင် လုပ်ငန်းရှင်များ၏ ထိပ်သီး ညီလာခံ ၂၀၁၇ အား မြန်မာ နိုင်ငံ၏ စွန့်ဦးတီထွင်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် အောင်မြင်လာအောင် ထောက်ပံ့ရန်၊ လူငယ် စွန့်ဦး တီထွင် လုပ်ငန်းရှင် များအား မြေ တောင်မြှောက်ပေးရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ အောင်မြင်စွာပေါ်ထွက်လာ စေရန်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ အရှိန်အဟုန်ဖြင့် တိုးတက်လာ စေပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက် တစ်လမ်းမှ ပံ့ပိုး ကူညီရန်စသည့် ရည်ရွယ်ချက်တို့ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.