Connect with us

Education & Health

စားသုံးရန်မသင့်သည့် အစားအသောက် အမှတ်တံဆိပ် ၂၃ မျိုးထုတ်ပြန်ကြေညာ

အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ ဈေးများအတွင်း ကွင်းဆင်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန)

 

ရန်ကုန်၊ မေ  ၇ ရက် (ဆင်ဟွာ)

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အနေဖြင့်၂၀၂၀ပြည့်နှစ်  ဧပြီလ အတွင်း စားသုံးရန်မသင့်သည့် အစားအသောက် အမှတ်တံဆိပ် ၂၃ မျိုးအား ထုတ်ပြန်ကြေညာခဲ့ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်က မေ ၇ ရက်တွင် ဆင်ဟွာ ကိုပြောသည်။

ပါမောက္ခဒေါက်တာခင်ဇော်က  “ကျွန်တော်တို့ အနေနဲ့ အစားအသောက်ထုတ်လုပ်၊ဖြန့်ဖြူးရောင်းချသူတွေ ကို သုံးစွဲဖို့ အတွက် ခွင့်မပြုတဲ့ ဆိုးဆေးတွေ၊ တာရှည်ခံဓာတုပစ္စည်းတွေကို လုံးဝအသုံးမပြုဖို့၊ ခွင့်ပြုအစားအသောင်ထပ်ဖြည့် ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏ အတွင်းသာ အသုံးပြုဖို့ ညွှန်ကြားထားပြီးသားပါ။ လိုက်နာဆောင်ရွက်မှု မရှိသူတွေကို  အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူသွားမှာပါ’’ ဟုပြောသည်။

၂၀၂၀ပြည့်နှစ် ဧပြီလ တွင် စားသုံးရန်မသင့်ဟု ထုတ်ပြန်ထားသည့် အစားအသောက်များမှာ Natural Fruity Mix အချိုရည်၊ ရှောက်ဘုရင်ရှောက်သီးဆေးပြား၊ Best Choice ဇီးချိုသီးအငန်၊ Qifeng သစ်သီးခြောက်၊ နိုင်ငံခြားစာသားပါစပျစ်သီးခြောက်၊ လုပ်ငန်းလိပ်စာဖော်ပြထားခြင်းမရှိသော ပလပ်စတစ်ဘူးဖြင့်ထုတ်ပိုးထားသော Red Bull အချိုရည်၊Mo Mo ဂျယ်လီ၊ ခပ်ချေချေဇီးယို၊ စိုင်းစိုင်းခံလှိုင် ပင်စိမ်းသီး၊ Power ဂျင်းမက်ခေါက်၊ ဖိုးရှုပ်ဇီးယို၊  ဟပ်ချလောင်း သူဌေးလောင်း ဇီးယို၊ ဌေးပြီ ဇီးယို၊  Grape Flavoured အချိုရည် နှင့် Strawberry Flavouredအချိုရည်၊ တို့သည် Cyclamate  သတ်မှတ်ပမဏ ထက် ပိုမိုသုံးစွဲထားကြောင်း သိရသည်။

ထို့အပြင် ကမ္ဘာလုံးတံဆိပ် ငရုတ်ဆီ (အညို) နှင့် ဆင်ဗင်းစတား ငရုတ်ဆီ (လိမ္မော်)၊  တို့တွင် အဏုဇီဝ သတ်မှတ် ချက်နှင့် မညီကြောင်း၊ ဆဲဗင်းစတားငရုတ်ဆီ (အနီ) တွင် Benzoic Acid သတ်မှတ်ပမာဏထက် ပိုမိုသုံးစွဲထားကြောင်း သိရသည်။

အမှတ်တံဆပ်မပါရှိဘဲ ဆေးကြီးတစ်ချို့တွင် ရောင်းချနေသည့် တုတ်ထိုးချိုချဉ်၊ ငရုတ်အရောင်တင်မှုန့်၊ မျှစ်ဆားရေစိမ်၊ ငရုတ်သီးမှုန့်နှင့် အရောင်တင်တင်မှုန့် တို့တွင် ခွင့်မပြုဆိုးဆေးများ အသုံးပြုထားကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မှ သိရသည်။

၎င်းစားသုံးရန်မသင့်သည့် အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်း နှင့် ကင်ဆာရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။  (Xinhua)