Connect with us

Education & Health

ရာသီတုပ်ကွေးကာကွယ်ဆေး  Fluarix Tetra 2020 Influenza Vaccine ဘေးအန္တရာယ်ကင်းရှင်းမှု မရှိဟုဆို 

FDA မှှဈေးတစ်ခုတွင် စစ်ဆေးမှုများဆောင်ရွက်နေစဉ် (ဓာတ်ပုံ-- FDA)

ရန်ကုန်၊ မေ ၁၃ ရက် (ဆင်ဟွာ) 

တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ရာသီတုပ်ကွေးကာကွယ်ဆေးဖြစ်သော  Fluarix Tetra 2020 Influenza Vaccine အမည်ဖြင့် တုပ်ကွေးရောဂါကာကွယ်ဆေးတစ်မျိုး သည်  ဘေးအန္တရာယ်ကင်းရှင်းမှု အာမခံချက် မရှိသောကြောင့် ပြည်သူများအန္တရာယ်ရှိနိုင်သည့် အတွက် စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော် က ဆိုသည်။ 

၎င်းက “အဲဒီဆေးက အွန်လိုင်းကနေ ကြော် ငြာပြီး ရောင်းချတာတွေ့တယ်။သူတို့ က FDA ရဲ့ ထောက်ခံချက် မယူထားဘူးဆိုတာ သိထားတယ်။ အဲဒီဆေးနဲ့ ပတ်သက်ပြီး  ဝန်ကြီးဌာန ကိုတိုင်ကြားထားတယ်။ ဝန်ကြီးဌာနက ဆရာတို့ ဌာန ကို ပြန်လည်စိစစ်ခိုင်းတယ်။ FDA ထောက်ခံယူထားတာမရှိဘူး။ ဝန်ကြီးဌာန က လုပ်ထုံးလုပ်နည်းအတိုင်း အကြောင်းကြားစာပို့တာတွေ ဆောင်ရွက်ထားပါတယ်” ဟု  ယနေ့ မေ ၁၃ ရက်တွင် ဆင်ဟွာသို့ ပြောကြားခဲ့သည်။

COVID-19 ကာလ ဖြစ်သည့်အတွက် ဝန်ကြီးဌာနများ ခွင့်တောင်း၍ လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးများ နှင့် ပြည်နယ် အများစုတွင် စိစစ်ခဲ့ကြောင်းနှင့် ဆေးအရောင်းဆိုင်များတွင် အဆိုပါဆေးဝါးများကို လိုက်လံသိမ်းဆည်းလျက်ရှိကြောင်းဆိုသည်။

ပါမောက္ခဒေါက်တာခင်ဇော် က “အရေးယူဖို့ဆက်ပြီးဆောင်ရွက်နေတယ်။ရာသီတုပ်ကွေးကာကွယ်ဆေးက ဒီနှစ်ရာသီအတွက် အသစ်ထွက်မှာဖြစ်တယ်။ တော်တော်များများက ကိုယ်ခံစွမ်းအား နဲ့တင် လုံလောက်တယ်။တုပ်ကွေးကာကွယ်ဆေး ထိုးတာနဲ့ ရာနှုန်းပြည့်တော့ ကာကွယ်မှု မရှိနိုင်ဘူး။ မှတ်ပုံတင်ရှိပြီး တရားဝင်တင်သွင်းထားတဲ့ ဆေးဝါးတွေကိုသာ ပြည်သူတွေစိစစ်ပြီး အသုံးပြုသင့်ပါတယ်” ဟုပြောသည်။ 

ဆေးဝါးနှင့် ပတ်သက်၍  တရားဝင်တင်သွင်းမည်ဆိုပါက မှတ်ပုံတင်ရကြောင်း၊ မှတ်ပုံတင်ပြီးသည်နှင့် တစ်ပြိုင်နက် လိုအပ်သည့် တင်သွင်းခွင့်ထုတ်ပေးကြောင်း နှင့် စိစစ်မှုများဆောင်ရွက်ကြောင်း၊ ထိုသို့ ဆောင်ရွက်မှသာ စိတ်ချရသည့် ဆေးများရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)