Connect with us

Politics, Law & Military

စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ် ၁၉မျိုး ထုတ်ပြန်ကြေညာ

စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ် ၁၉မျိုး စာရင်းများအားတွေ့ရစဉ် (ပုံစာ-MRTV)

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ကသည် စားသုံးရန်မသင့်သော အစားအသောက် အမှတ်တံဆိပ် ၁၉မျိုးကို ထုတ်ပြန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သော သတင်းအရ သိရသည်။၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ဓာတ်ခွဲစစ်ဆေးခဲ့သော အစားအသောက်နမူနာများအနက်မှ စားသုံးရန်မသင့်သည့် အမှတ်တံဆိပ် ၁၉မျိုးကို အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဦးစီးဌာန (FDA) ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

“စည်ပင်ဈေးတွေ ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ စားသောက်ကုန်တွေမှာ စားသုံးဖို့မသင့်တဲ့ အစားအသောက်တွေ ပါနေလို့ စားသုံးရန်မသင့်ပါဘူးဆိုတာ ထုတ်ပြန်တာပါ၊ စားသုံးရန်မသင့်တာတွေကို ထပ်မံထုတ်လုပ် ရောင်းချရင် ဥပဒေအရ အရေးယူမှာပါ”အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (နေပြည်တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စျေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို စျေးများ၊ ကျောင်းမုန့်စျေးတန်းများမှ ဝယ်ယူစစ်ဆေးရာ ယင်းအစားအသောက် ၁၉ မျိုးတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများ၊ ခွင့်မပြု ဆိုးဆေးများ ပါဝင်မှုနှင့် ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားသည်တို့ကြောင့် အစားအသောက်များကို ရေရှည် စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများဖြစ်ပွားစေနိုင်သဖြင့် ယခုဖော်ပြထားသော အစားအသောက်များကို နောက်ထပ် ကြေညာချက်ထုတ်ပြန်သည်အထိ စားသုံးခြင်း မပြုရန် အသိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။အစားအသောက် ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများကို လုံးဝအသုံးမပြု ရန်၊ ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်း များကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)