Connect with us

Education & Health

တနင်္သာရီတိုင်းတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်မား

တနင်္သာရီတိုင်းဒေသကြီးတွင် ငှက်ဖျားရောဂါကပ်ရောဂါအသွင်ဖြစ်ပွားမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပစဉ်(ကျန်းမာရေးဝန်ကြီးဌာန)

ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်တို့တွင် ၂၀၁၈ ခုနှစ် ဧပြီလမှ၊ ဇွန်လအထိ Plasmodium Vivax ရောဂါပိုးကြောင့် ဖြစ်ပွားသော ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်မားနေကြောင်း ငှက်ဖျားရောဂါအပါအဝင် ရောဂါနှိမ်နင်းရေး ကျွမ်းကျင်မှုဆိုင်ရာ အကြံပေးပညာရှင် ဒေါက်တာ စောလွင်က ပြောကြားသည်။

ငှက်ဖျား ရောဂါဖြစ်ပွားသူ အရေအတွက်သည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက မြင့်မားနေပြီး ကပ်ရောဂါ အသွင်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ရေဖြူ၊ ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်တို့တွင်လည်း အလားတူ ငှက်ဖျားရောဂါကပ်ရောဂါအသွင် ဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း၊တနင်္သာရီတိုင်းဒေသကြီး ရောဂါပိုးမျိုးသယ်ဆောင်သော ပိုးမွှားများကာကွယ်နှိမ်နင်းရေး (ရပကန) အဖွဲ့နှင့် URC အဖွဲ့ (Defeat Malaria Project) တို့ပူးပေါင်းကာ ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

Plasmodium Vivax ရောဂါပိုးကြောင့် ဖြစ်ပွားသော ငှက်ဖျားရောဂါအား ကုသရာတွင် အဓိကကျသော Primaquine ဆေးကို National Treatment Guideline အတိုင်း ဆေးပတ်လည်အောင် တိုက်ကျွေးရမည်ဖြစ်ကြောင်း ဒေါက်တာ စောလွင်က ဆိုသည်။

အဆိုပါနေရာဒေသများတွင် ရောဂါပိုးသယ်ဆောင် ခြင်ပေါက်ဖွားမှုအားစောင့်ကြပ်ကြည့်ရှုခြင်း (Vector Surveillence) လုပ်ငန်းများနှင့် လူများ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်း၊ ရာသီဥတု၊ စိုထိုင်းမှု စသည့်ငှက်ဖျားရောဂါဖြစ်ပွားစေသော အကြောင်း အရာတို့ကိုလည်းလေ့လာခြင်းလုပ်ငန်းများကို ပိုမိုအားဖြည့်ဆောင်ရွက်ရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောသည်။

အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိသော မိတ်ဖက်အဖွဲ့ အစည်းများ၊ INGO များအနေဖြင့် ရောဂါဖြစ်ပွားမှုနှင့် သတင်းအချက်အလက်များကို တိုင်းဒေသကြီး/ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်တို့သို့ အချိန်နှင့် တစ်ပြေးညီပေးပို့ရန် Myanmar Health Sector Coordination Committee(MHSCC ) အစည်းအဝေးတွင် အသိပေးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် သြဂုတ်လ ၈ ရက် နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည့် တနင်္သာရီတိုင်းဒေသကြီးတွင် ငှက်ဖျားရောဂါကပ်ရောဂါအသွင်ဖြစ်ပွားမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သို့တက်ရောက်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.