Connect with us

Education & Health

တီဘီရောဂါ ဖြစ်ပွားမှု အများဆုံးနိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံ မပါဝင်စေရန် ပိုမို ကြိုးပမ်း ဆောင်ရွက် သွားရမည်ဟု ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ပြောကြား

၂၀၁၈ ခုနှစ် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း နှစ်ပတ်လည် လုပ်ငန်း ဆန်းစစ် ဆွေးနွေးပွဲ ပြုလုပ်စဉ်(ဓာတ်ပုံ - Ministry of Health and Sports, Myanmar)

ရန်ကုန် ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

တီဘီရောဂါ ဖြစ်ပွားမှု များသည် မြန်မာနိုင်ငံ၌ ပြည်သူ့ကျန်းမာရေး ပြဿနာ တစ်ရပ် အဖြစ် ရှိနေပြီး ကမ္ဘာ့တီဘီရောဂါ အဖြစ် အများဆုံး နိုင်ငံ ၃၀ တွင် ဆက်လက်ပါဝင်နေသေးကြောင်း ၊ တီဘီရောဂါ ဖြစ်ပွားမှု အများဆုံး နိုင်ငံများ စာရင်း၌ မပါဝင်စေရန် ပိုမို ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း နှစ်ပတ်လည် လုပ်ငန်း ဆန်းစစ် ဆွေးနွေးပွဲအား ဇွန် ၂၆ ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ရာတွင် ဖွင့်ပွဲ အခမ်းအနားတွင် ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

တီဘီ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လူမှုရေးနှင့် စီးပွားရေးအခြေအနေများအား အခြေခံသော ဖြစ်ပွားမှုအကြောင်းအရင်းဇစ်မြစ်များကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရှာဖွေ ဖော်ထုတ် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ တီဘီ ရောဂါ ဖြစ်ပွားမှု အကြောင်းရင်းများ၌ လူမှုရေး၊ စီးပွားရေးအခြေခံသော အကြောင်းအချက်များသည် အဓိကကျသော အချက်များ အဖြစ် ပါဝင်နေကြောင်း ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

စာရင်းဇယား အချက်အလက် ခန့်မှန်းချက်များအရ ၂၀၁၈ ခုနှစ်တွင် တီဘီရောဂါ ဖြစ်ပွားမှုနှုန်းသည် (၂၀၀၉) ခုနှစ် အခြေ အနေနှင့် နှိုင်းယှဉ်လျှင် ၅၀ ရာခိုင်နှုန်းကျော် လျော့နည်းကျဆင်းလာသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောကြား ခဲ့သည်။

တီဘီရောဂါ တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့(Global Fund) က ၂၀၁၈-၂၀၂၀ ခုနှစ်အတွက် အမေရိကန် ဒေါ်လာ ၁၀ သန်း နှင့် Access to Health Fund ကလည်း ၂၀၁၉-၂၀၂၀ ခုနှစ် အတွက် အမေရိကန် ဒေါ်လာ ၁ သန်း ထပ်မံ၍ ထောက်ပံ့ပေးခဲ့ပြီး အခြားအလှူရှင် အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှလည်း ပံ့ပိုးမှုများ ပေးအပ်လျက် ရှိကြောင်း သိရသည်။

တီဘီရောဂါရှိသူ အကျဉ်းသားများ အကျဉ်းထောင်မှလွတ်မြောက်လာပြီး ပြည်သူများအကြား ပြန်ရောက် လာသည့် အခါ မိသားစုဝင်များနှင့် အခြားပြည်သူများသို့ တီဘီရောဂါကူးစက်ပြန့်ပွားနိုင်သောကြောင့် တီဘီရောဂါအပါအဝင် အခြား ကူးစက် ရောဂါများ တိုက်ဖျက်ရေး လုပ်ငန်းများကို အကျဉ်းထောင်များတွင် အားဖြည့် ဆောင်ရွက် ရမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ တီဘီရောဂါ အခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည်လုပ်ငန်းများ၊ လိုအပ်ချက် များနှင့် ပံ့ပိုးပေးရန်လိုအပ်မည့်အချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ တီဘီ တာဝန်ခံ ဆရာဝန်ကြီးများ ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ၊ ပညာရှင်များနှင့် တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ နှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်း ဆွေးနွေး အကြံပြုခဲ့ကြောင်း သိရသည်။(Xinhua)