Connect with us

Education & Health

အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများ ပေါင်းစပ်ကြရန် စဉ်းစားရတော့မည့် အချိန်ကို ရောက်ရှိပြီ ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းအားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးတွင် အစိုးရဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများ ပေါင်းစပ်ကြရန် စဉ်းစားရတော့မည့် အချိန်ကို ရောက်ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

ယနေ့နံနက် ၈နာရီခွဲက Sky Star ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ ဆဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ မျက်နှာစုံညီ အစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြားရာ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်မှာရှိတဲ့ အစိုးရပိုင်ဆေးရုံတွေ မှာလည်း ပြည်သူလူထုတွေရဲ့ မှီခိုအားထားမှုဟာ ကြီးစွာရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အခြေခံ ပြည်သူလူထု တော်တော်များများဟာ အစိုးရပိုင်ဆေးရုံတွေကိုပဲ ဆေးဝါးကုသမှု ခံယူနေကြရတာဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာရှိနေတဲ့ ဆေးရုံအခြေအနေတွေနဲ့ လိုအပ်တဲ့ အနေအထားတွေကို ကြည့်မယ်ဆိုရင် ပုဂ္ဂလိက ကဏ္ဍဟာ အရေးကြီးတယ်ဆိုတာကို ကျွန်တော်ဒီနေရာမှာ ပြောပါရစေ။ ကျန်းမာရေးမှာ ပေါ်ပေါက်နေတဲ့ အခြေအနေတွေက ပုဂ္ဂလိကဆေးရုံတွေနဲ့ အစိုးရဆေးရုံတွေကြား ချိတ်ဆက်ထားနိုင်မှု အခြေအနေပဲဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာ အလုပ်လုပ်နေကြတဲ့ ဆရာဝန်ကြီး၊ ဆရာမကြီးတွေ အားလုံးကို ကျွန်တော့အနေနဲ့ အသိပေးလိုတာကတော့ ပုဂ္ဂလိကဆေးရုံတွေနဲ့ အစိုးရဆေးရုံတွေ ဘယ်လိုပေါင်းစပ်ကြမလဲဆိုတဲ့ အခြေအနေတစ်ခုကို ဒီနေ့ဒီအချိန်ကာလဟာ စဉ်းစားရတော့မယ့် အချိန်ကာလတစ်ခုကို ရောက်ပြီလို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနနဲ့လဲ ထပ်မံပြီး ဒီကဏ္ဍကို ဆွေးနွေးဆောင်ရွက်ကြဖို့ လိုအပ်မှာဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ရန်ကုန်မြို့သည် စီးပွားရေးအရလည်း ဖွံ့ဖြိုးတိုးတက်မှုရှိသကဲ့သို့ လူနေမှုထူထပ်သည့် မြို့တော်ကြီး ဖြစ်သည့်အတွက် အမြို့မြို့အနယ်နယ်မှ ကျန်းမာရေးအရ လိုအပ်ချက်တစ်ခုခုဖြစ်လာပါက ရန်ကုန်တွင်လာရောက်ပြီး ဆေးကုမှု များပြားကြောင်း၊ ထို့ကြောင့် ဆေးရုံများသည် ကုသမှုစနစ်များနှင့် လွှဲပြောင်းမှုများတွင်လည်း စနစ်တကျရှိရန် လိုအပ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍနှင့်အစိုးရကဏ္ဍ ကြားတွင် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး ကျန်းမာရေးဝန်ဆောင်မှု အခန်းကဏ္ဍတစ်ခုကို မြှင့်တင်နိုင်ပါက ပိုမိုကောင်းမွန်သည့် အလားအလာကောင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း ၎င်းက ပြောသည်။

“ဒီအနေအထားတွေဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ပြန်လည်ပေါင်းစပ်ပြီး ကျန်းမာရေးဝန်ဆောင်မှုကို မြှင့်တင်ဖို့လိုအပ်ပါတယ်။ ဒီမြှင့်တင်ဆောင်ရွက်တဲ့နေရာမှာ ပုဂ္ဂလိကဆေးရုံတွေရဲ့ အခန်းကဏ္ဍကို မေ့ထားလို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆို နိုင်ငံရဲ့ လက်ရှိပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ ၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခဲ့တဲ့ အခြေအနေတွေအရ ပုဂ္ဂလိကကဏ္ဍရဲ့ ငွေကြေးထည့်ဝင်နိုင်မှု ပူးပေါင်းဆောင်ရွက်နိုင်မှုကို လက်ခံဆောင်ရွက်သွားမှသာလျှင် ကျန်းမာရေးဝန်ကြီးဌာန တစ်ခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရေး အခန်းကဏ္ဍကြီး တစ်ခုလုံးကို ကျွန်တော်တို့ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ အစိုးရရဲ့ ဘတ်ဂျက်သက်သက်နဲ့ပဲ ကျန်းမာရေးကဏ္ဍကို ဆောင်ရွက်မယ်ဆိုရင်တော့ အချိန်တော်တော်ယူပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။

ဆက်လက်၍ ပုဂ္ဂလိကဆေးရုံများမှ အစိုးရဆေးရုံများကို လူနာများ လွှဲပြောင်းဆောင်ရွက်ရာတွင် ပူး ပေါင်းဆောင်ရွက်မှုရှိပါက ပိုပြီးကောင်းမွန်သည့် ခြေအနေ တစ်ခုဖြစ်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း၊ ယင်းပုဂ္ဂလိက ဆေးရုံကဏ္ဍသည် မြန်မာနိုင်ငံ၌ အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုတွင် ရှိနေပြီး ရန်ကုန်၌ ပုဂ္ဂလိကဆေးရုံ များ၏ အခန်းကဏ္ဍသည် ရန်ကုန်မြို့၏ ကျန်းမာရေးဝန်ဆောင်မှု ပေးနေမှုများထဲတွင် အရေးကြီးသည့် နေရာတွင် ရှိကာ အစိုးရဆေးရုံ များ သက်သက်ဖြင့် ရန်ကုန်မြို့သည် ရပ်တည်နိုင်သည့် အခြေအနေမရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊တိုင်းဒေသကြီး အစိုးရတွေ၊ ပုဂ္ဂလိကဆေးရုံတွေ ပေါင်းစပ်ညှိနှိုင်းပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးနှင့် ပတ်သက်သည့် ပညာရေးကဏ္ဍတွေကို မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေရောက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးရန် လိုကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခင်ဝင်း နှင့် တာဝန်ရှိသူများ ၊မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.