Connect with us

Education & Health

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ၂၀၂၁ခုနှစ် နိုဝင်ဘာ ၁၅ ရက် မှ ဒီဇင်ဘာ ၃၀ ရက်အတွင်း လျှောက်ထားရမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာများကို ၂၀၂၁ခုနှစ် နိုဝင်ဘာ ၁၅ ရက် မှ ဒီဇင်ဘာ ၃၀ ရက်အတွင်းလျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ ယနေ့ နိုဝင်ဘာ ၁၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာတင်သွင်းရာ၌ ဘာသာတွဲ အမှတ် (၁)၊ (၅)၊ (၆)၊ (၇)၊(၈) များဖြင့် ဖြေဆိုမည့်သူများအတွက် အစိမ်းရောင်ဖြေဆိုခွင့်လျှောက်လွှာ နှင့် ကတ်ပြားပုံစံဖြင့်လည်းကောင်း၊ဘာသာတွဲ အမှတ်စဉ် (၂)၊ (၃)၊ (၄) များဖြင့် ဖြေဆိုမည့်သူများအတွက် ပန်းရောင်ဖြေဆိုခွင့် လျှောက်လွှာနှင့် ကတ်ပြားပုံစံတို့ဖြင့် လည်းကောင်း အသီးသီး တင်သွင်းရန် အရောင်နှစ်မျိုး ခွဲခြားသတ်မှတ်ထားကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း များမှ လျှောက်လွှာတင်သွင်းမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းအုပ်ကြီးများမှ ဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် ၂၀၀ ကျပ်နှင့် စာမေးပွဲဝင်ကြေး ၇၀၀ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူ ပြီး၊လျှောက်လွှာတစ်စောင်တွင် တံဆိပ်ခေါင်းတစ်ခုကပ်၍ လျှောက်လွှာများကို စုပေါင်းပြီး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ကြရမည်ဖြစ်ကြောင်း သိရသည်။

ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် ဖြေဆိုခွင့် လျှောက်လွှာတစ်စောင်လျှင် ၂၀၀ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက် ၇၀၀ ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့အမှန်တကယ်နေထိုင်သည့် မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးတွင် သတ်မှတ်ရက်အတွင်း အချိန်မီတင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့် ရရှိကြမည်မဟုတ်ကြောင်းနှင့် စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ဖြေဆိုခွင့် ကတ်ပြားတွင် ဖော်ပြပါရှိသည့် ဘာသာတွဲမှ အပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

ကျောင်းများ ယာယီပိတ်ထားသဖြင့် ကျောင်းဖွင့်ရက်နောက်ကျသော တိုင်းဒေသကြီး/ပြည်နယ် ၉ ခုမှ ၄၆ မြို့နယ်ရှိ အခြေခံကျောင်းများ၏ ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပဖြေဆိုမည့် သူများအတွက် လျှောက်လွှာရောင်းချခြင်းနှင့် ပြန်လည်ပေးပို့ခြင်းတို့ကို သတ်မှတ်ရက်တိုးမြှင့်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ (Xinhua)