Connect with us

Education & Health

၂၀၂၃ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အတွက်လျှောက်လွှာများ ခေါ်ယူ

ရန်ကုန်ဆေးတက္ကသိုလ် (၁) အားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန်ဆေးတက္ကသိုလ် -၁ )

ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

၂၀၂၃ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အတွက်လျှောက်လွှာများ ခေါ်ယူလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်း မာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုး က ဆင်ဟွာသို့ ယနေ့ ဇွန် ၂၂ ရက်တွင် ပြောကြားသည်။ဒေါက်တာသန်းနိုင်စိုးက “ ၂၀၂၃ ခုနှစ် အတွက် ဘွဲ့လွန်တန်းခေါ်ယူတဲ့ အခါ အရင်နှစ်တွေနဲ့ မတူတဲ့ အချက်က လုပ်သက်ကန့်သတ်ချက်မရှိပဲနဲ့ ဖြေလို့ရတဲ့ ဘာသာရပ် ၁၁ မျိုးရှိတယ်။ စုစုပေါင်းဖွင့်လှစ်မယ့် ဘွဲ့လွန်သင်တန်းပေါင်း ၁၄၀ အထိ ရှိတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကဆိုရင်တောင် ဘွဲ့လွန်ဖြေဖို့ဆိုရင် အနည်းဆုံးလုပ်သက် ၂နှစ် စောင့်ရတယ်။ အခုက လုပ်သက်ကန့်သတ်ချက်မရှိဘဲဖြေလို့ရတော့ ကိုယ်ဝါသနာပါတဲ့ Subject ဆို တခါတည်း တန်းပြီး ဖြေလို့ရတာပေါ့။ စောစောဖြေလို့ရတော့ စောစောမာစတာဘွဲ့ရ၊ စောစောမာစတာဘွဲ့ရတော့ စောစော doctorate ဆိုတဲ့ ပါရဂူဘွဲ့ ဖြေလို့ရတာပေ့ါ။ ပါမောက္ခဆိုရင်လည်း စောစောစီးစီးဖြစ်နိုင်တာပေါ့။ တစ်ဖက်ကလည်း ပညာရည်မြင့်မားလာသလို့ တစ်ဖက်ကလည်း ကျန်းမာရေးစောင့်ရှောက်နိုင်တဲ့အပိုင်းကိုလည်းတိုးမြှင့်ပြီး ပေးနိုင်မှာဖြစ်ပါတယ်’’ ဟုပြောသည်။

၂၀၂၃ ပညာသင်နှစ် အတွက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာဒီပလိုမာသင်တန်းများ၊ဆေးပညာမဟာသိပ္ပံသင်တန်းများနှင့် ပါရဂူဘွဲ့သင်တန်းများသို့ လျှောက်ထားလိုသူများသည် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပါက မိမိတက်ရောက်လိုသော တက္ကသိုလ်များ သို့ ဘွဲ့လွန်သင်တန်းဝင်ခွင့်လျှောက်လွှာများကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ပြည်ပသို့ ဆေးပညာဆိုင်ရာ ဘွဲ့လွန်သင်တန်းများဖြစ်သော မဟာဘွဲ့၊ ပါရဂူဘွဲ့ သင်တန်းများသို့ တက်ရောက်မည့်သူများနှင့် ကာလတို၊ ကာလရှည် ကျွမ်းကျင်မှုဆိုင်ရာသင်တန်း အမျိုးမျိုးကို တက်ရောက် လိုသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်စေလွှတ်ပေးလျက် ရှိကြောင်း၊ အထူးသဖြင့် MRCP ကဲ့သို့ Membership Status စာမေးပွဲများ ဝင်ရောက်ဖြေဆိုခွင့် ပြုခြင်းနှင့် Membership ရယူနိုင်ရန် နိုင်ငံခြားသို့ စေလွှတ်ခြင်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း ဒေါက်တာသန်းနိုင်စိုးကဆိုသည်။ (Xinhua)

#ဒေါက်တာသန်းနိုင်စိုး #မဟာဘွဲ့ #ဆင်ဟွာ
#DoctorThanNaingSoe #MasterDegree #Xinhua #Myanmar #XinhuaMyanmar