Connect with us

Environment, Disasters & Accidents

စစ်ကိုင်းတိုင်း အတွင်း ရေကြီး ရေလျှံမှုများကြောင့် သီးနှံစိုက်ဧက နစ်မြုပ်ပျက်စီးမှုများနှင့်အတူ လူအသေအပျောက် ၈ ဦးထိရှိနေ

ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျေးရွာအချို့ တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေပုံ (ဓာတ်ပုံ- MOI)

ရန်ကုန် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း ဆည်တမံ ၊ ချောင်းမြောင်းများ ရေကြီးရေလျှံမှု များကြောင့် ဒေသတစ်ချို့တွင် သီးနှံ စိုက်ဧကများ ရေနစ်မြုပ် ပျက်စီး ဆုံးရှုံးမှုများ ရှိသကဲ့သို့ယနေ့အထိ လူအသေအပျောက် ၈ ဦးအထိ ရှိနေကြောင်း သတင်းရရှိသည်။

သီးနှံစိုက်ဧကများ ရေနစ်မြုပ် ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် မြို့နယ်များမှာ ဒီပဲယင်း ၊ ကန့်ဘလူ ၊ တန့်ဆည် ၊ ရေဦး ၊ ကသာ ၊ ထီးချိုင့် ၊ ကောလင်း ၊ အင်းတော် ၊ ဝန်းသို ၊ ပင်လည်ဘူး ၊ မင်းကင်း ၊ ဘုတလင် မြို့နယ်တို့မှ ဖြစ်ပြီး နွေစပါး နစ်မြုပ်မှု ၂,၄၅၃ ဧက ၊ မိုးစပါး နစ်မြုပ်မှု ၃၆,၆၈၉ ဧက နှင့် မိုးစပါး ပျိုးထောင်ထားမှု နစ်မြုပ်မှု ၃,၁၄၇ ဧက တို့ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ ကနဦး သတင်းများအရ သိရသည်။

ရေဘေးအန္တရာယ်ကြောင့် နောက်ဆုံးရရှိသော လူအသေအပျောက်မှာ စုစုပေါင်း သေဆုံး ၆ ဦး ရှိနေပြီး ၂ ဦး ပျောက်ဆုံး နေဆဲ ဖြစ်သည်။ ၎င်းတို့အနက် ကန့်ဘလူမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ကောလင်းမြို့နယ် မီးသတ်တပ်ဖွဲ ဝင် တစ်ဦး ပါဝင်ပြီး လူသေပျောက် ဖြစ်ပွားခဲ့သော မြို့နယ်များမှာ ဘုတလင် ၊ ကနီ ၊ ကန့်ဘလူ နှင့် ကောလင်း မြို့နယ်တို့မှ ဖြစ်သည်။

လက်ရှိ အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူ မြို့နယ်၊ ကျွန်းလှမြို့နယ် အတွင်းရှိ ရေကြီးရေလျှံ မှုဖြစ်ပေါ်ခဲ့သော ကျေးရွာများသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သွားရောက်ကြည့်ရှု၍ ကူညီ ထောက်ပံ့မှု များ ပြုလုပ်နေကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ တစ်ဝန်းတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ဆည် တာတမံများ ကျိုးပေါက်မှု မရှိစေရေး စောင့်ကြပ် ကြည့် ရှုဆောင်ရွက်လျက် ရှိရာ ရေလှောင်တမံ ၁၂ ခုတွင် သတ်မှတ် ရေလှောင် ပမာဏ ပြည့်မီသဖြင့် ဆည်တာတမံများ ကျိုးပေါက်မှု မရှိစေရေး ရေပိုလွှဲများမှ ရေထုတ်လွှတ် လျက်ရှိကြောင်း သိရသည်။ (Xinhua)