Environment, Disasters & Accidents
ဆီဘောက်ဆာယာဉ် တိမ်းမှောက် မီးလောင်မှုကြောင့် နေအိမ် ၉လုံး မီးကူးစက်လောင်ကျွမ်းပြီး တစ်ဦးသေဆုံး
ရန်ကုန်၊ မတ် ၁၈ ရက် (ဆင်ဟွာ)
လယ်ဝေးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်(၂၂၀/၃)အနီး စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ မတ် ၁၇ရက်နေ့ ညနေ ၃နာရီကျော်တွင် ဆီဘောက်ဆာယာဉ် တိမ်းမှောက် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်၉လုံး မီးကူးစက်လောင်ကျွမ်းကာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဇေယျာသီရိမြို့နယ် သိုက်ချောင်းလမ်းဆုံရှိ Moon Sun စက်သုံးဆီရောင်းဝယ်ရေးကုမ္ပဏီမှ ဆီဘောက်ဆာတွဲယာဉ်သည် အရှိန်လွန်တိမ်းမှောက်၍ မီးလောင်ခဲ့ကျွမ်းခဲ့ရာ မော်တော်ယာဉ် ၁ စီး၊ ဆီဂါလံ ၉၀၀၀၊ နေအိမ် ၉ လုံး၊ အုပ်ချုပ်ရေးမှူးရုံး ၁ရုံးတို့ မီးလောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်စဉ် ယာဉ်ပေါ်ပါ နှစ်ဦးအနက် တစ်ဦးသည် ခုန်ချထွက်ပြေးခဲ့ပြီး မျက်နှာနှင့် ခါးတို့တွင် မီးလောင်ဒဏ်ရာ များရရှိခဲ့ကြောင်း၊ ယင်း ယာဉ်ပေါ်တွင် ကျန်ရှိသော ယာဉ်မောင်းသည် အခင်းဖြစ်ပွားရာ ကားခေါင်းအတွင်းမှ မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
ယင်း မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းအား သာဝတ္ထိနယ်မြေရဲစခန်းမှ ယာဉ်(ပ)၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၇/ ၂၈၅(ပေါ့လျော့မှုကြောင့် လူသေမှု/ သာမန်နာကျင်စေမှု/ မီးပေါ့ဆမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)