Connect with us

Environment, Disasters & Accidents

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတွင် လေပြင်းတိုက်ခတ်နိုင်

၂၀၁၉ခုနှစ်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီးနောက် မြင်ကွင်းတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN)၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိသေးသော်လည်း ယင်း၏ အရှိန်ကြောင့် မေ၂၀ မှ ၂၁ ရက်အတွင်း ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းတွင် မိုးနှင့်အတူ တစ်နာရီ ၃၅ မိုင်မှ ၄၀ နှုန်းအထိ လေပြင်းတိုက်ခတ်နိုင်ကာ၊ ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းက ယနေ့ မေ ၁၈ ရက်တွင် ဆင်ဟွာသို့ ပြောကြားသည်။

ဦးလှထွန်းက “မုန်တိုင်းကဖြတ်တာမဟုတ်ဘူး။ ဒါပေမယ့် မုန်တိုင်း တိမ်တိုက်ကရောက်နိုင်တယ်။ အဲဒီလို တိမ်တိုက်ရောက်တဲ့ အချိန် ရခိုင်မြောက်ပိုင်း မှာ မိုးရွာမယ်။ မိုးများမယ်။ လေတုန်းနှုန်းကတစ်နာရီ ၃၅ မိုင်က ၄၅ မိုင်လောက်ထိ တိုက်နိုင်တယ်။ ချင်းပြည်နယ်တို့ဘာတို့မှာ မိုးကြီးပြီး မြေပြိုတာတွေ ဖြစ်နိုင်တယ်”  ဟုပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN) သည် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကြောင်း၊  အဆိုပါ အလွန့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN) သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha)၏ တောင်ဘက် ရေမိုင်(၄၂၅)မိုင်ခန့်၊ ဒီဂါမြို့(Digha)၏ တောင်-အနောက် တောင်ဘက် ရေမိုင် (၅၁၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်ပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၅၇၀)မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် (၄၂၀)မိုင်ခန့်နှင့် ပုသိမ်မြို့ (Pathein)၏ အနောက်တောင်ဘက် ရေမိုင် (၅၃၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ မေ ၁၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဦးလှထွန်းက “မုန်တိုင်းအရှိန်ကြောင့်မေ ၂၀ ရက်က  ၂၁ ရက် အထိ  သတိထားဖို့လိုတယ်။ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းမှာ လေတိုက်နိုင်တဲ့ အနေအထားရှိတယ်။ ချင်းပြည်နယ်ကတော့လေမတိုက်နိုင်ဘူး။ မိုးကြီးနိုင်တယ်။ မိုးကြီးတော့မြေပြိုနိုင်တယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ မုန်တိုင်း သတိပေးချက်ကို သေချာဖတ်ပြီး လိုက်နာဖို့ လိုပါတယ်” ဟုပြောသည်။

ထို့ပြင်မုန်တိုင်း ၏ အရှိန်ကြောင့် မေ၁၈ ရက်မှ မေ ၂၁ ရက်အထိ  နေပြည်တော်နှင့်  တိုင်းဒေသကြီး/ပြည်နယ် အားလုံးတို့တွင် နေရာကျဲကျဲမှ  နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း၊  ဧရာဝတီမြစ်ဝကျွန်းပေါ်၊     ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်းလွန် ပင်လယ်ပြင်တို့တွင်   ရံဖန်ရံခါ  မိုးသက်လေပြင်းများကျရောက်ပြီး   လှိုင်းကြီး နိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ပေ မှ ၁၂ ပေခန့် ရှိနိုင်ကြောင်း မိုးဇလမှ ပြည်သူသို့ ထံ သတိပေးချက်ထုတ်ပြန်ခဲ့သည်။  (Xinhua)