Connect with us

Environment, Disasters & Accidents

ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်ရှိ  ရေလှောင်တမံ ၈ခု ရေကျော်လျက်ရှိသော်လည်း အန္တရာယ်မရှိနိုင်ဟုဆို 

ချင်းပြည်နယ် ဖလမ်းမြို့ နယ်ရှိ လိုင်ဗားဆည်တမံအားတွေ့ရစဉ် (ဓာတ်ပုံ--ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန)

ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ) 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တည်ဆောက်ထိန်းသိမ်းထားသော ရေလှောင်တမံများအနက် သြဂုတ် ၁၃ ရက်အထိ ချင်းပြည်နယ်၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ် ရှိ ရေလှောင်တမံ ၈ ခုတွင် မိုးရွာသွန်းမှုကြောင့် သတ်မှတ်ကန်ရေပြည့်မှတ်ထက်ကျော်လွန် ကာ ရေပိုလွှဲများမှ ရေကျော်ကျစီးထွက်လျက်ရှိကြောင်း၊ ယခင်နှစ်ထက် ရေကျော်မှုများ များစွာလျော့နည်း၍ အန္တရာယ်မရှိနိုင်ကြောင်း  စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန်(လယ်ယာ/ဆည်မြောင်း)  ဦးမျိုးတင့်ထွန်းက ဆင်ဟွာသို့သြဂုတ် ၁၅ ရက်တွင်ပြောသည်။

“ဆည်ရေကျော်တာက ၂၀၁၉ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ဒီနှစ်ကသိသိသာသာ လျော့နည်းပါတယ်။ မနှစ်က ဒီအချိန် ဆို ဆည်ပေါင်း ၁၀၀ ကျော်လောက်ရေကြီးနေပါပြီ။ ဒီနှစ်ကတော့ ရေကျော်တဲ့ ဆည်တွေကလည်း ရေ ကျော်တဲ့ပမာဏ က ၁ ပေ၊ ၂ ပေ လောက်သာ ကျော်တာဖြစ်တယ်။  ကန်ရေပြည့်အမှတ်ကို ကျော်လွန်ပြီး ရေပိုလွှဲ တဲ့ နေရာကနေ ပြန်လွှဲတာ။ အန္တရာယ်မရှိတဲ့ အနေအထားမှာ ရှိတယ်။’’ ဟု ၎င်းကပြောသည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် တစ်နိုင်ငံလုံးတွင် ရေလှောင်တမံပေါင်း ၂၀၀ ကျော်တည်ဆောက်ထားကြောင်း၊ တိုင်းဒေသကြီး အစိုးရများနှင့် ပြည်သူများ မှ တည်ဆာက်ထားသည့် ဆည်အသေးများရှိကြောင်း၊ ၎င်းဆည်များ အပါအဝင် တစ်နိုင်ငံလုံးတွင် ဆည်ပေါင်း ၅၀၀ ကျော်လောက်ရှိကြောင်း သိရသည်။ 

ချင်းပြည်နယ် ဖလမ်းမြို့ရှိ လိုင်ဗားရေလှောင်တမံ၊မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ကဇိုင်းရေလှောင်တမံ၊ရခိုင်ပြည်နယ်ကျောက်တော်မြို့ရှိ  ပြိုင်းချောင်းရေလှောင်တမံ၊ မင်းပြားမြို့ရှိ ဂရင်ဂျိုင်ရေလှောင်တမံ၊ ကြက်တက်ရေလှောင်တမံ၊ ကျောက်တော်မြို့ ရှိရှောက်ချောင်းရေလှောင်တမံ၊ မြေပုံမြို့ ရှိတမန်းဒူးရေလှောင်တမံ၊ အမ်းမြို့ ရှိ ဟင်းရွက်ချောင်းရေလှောင်တမံများမှာ ရေကျော်လျက်ရှိကြောင်း သိရသည်။ 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် ဆည်တမံကြံ့ခိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိကြောင်း၊  အန္တရာယ်ရှိနိုင်သည့် အခြေအနေမျိုး ရှိနိုင်ပါက  ဆည်တမံ အနီးတဝိုက် တွင် ပြည်သူများကို  ကြိုတင်သတိပေးစနစ်များဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း ဆိုသည်။  (Xinhua)