Connect with us

Environment, Disasters & Accidents

ဆိုင်ကလုန်းမုန်တိုင်းဘာဘ်ဘယ်၏ အရှိန်ကြောင့် နိုဝင်ဘာလ ၁၁ ရက်အထိ မိုးရွာသွန်းနိုင်

မုန်တိုင်းဖြစ်ပေါ်မှုပြမြေပုံအားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ နိုဝင်ဘာ ၈ရက် (ဆင်ဟွာ)

ဘင်္ဂလားပင်လယ် အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL) ၏ လက်ရှိအနေအထားက အဝါရောင်အဆင့်ဖြစ်ပြီး မုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း လှိုင်းလေကြီး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နိုဝင်ဘာ ၁၁ ရက်အထိ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း ကဆင်ဟွာကိုပြောသည်။

ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဘာဘ်ဘယ်” (BULBUL)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (Paradip) (ဩရိဿ-Odisha)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၂၂၅)မိုင်ခန့်၊ စာဂါကျွန်း(Sagar Islands) (အနောက်ဘင်္ဂလား ပြည် နယ် -West Bengal) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၀၀)မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara) ၏ တောင်-အနောက်တောင်ဘက် ရေမိုင် (၃၄၅)မိုင်ခန့်၊ မြန်မာ နိုင်ငံ၊ စစ်တွေမြို့ (Sittwe) ၏ အနောက်တောင်ဘက် ရေမိုင် (၃၆၀) မိုင်ခန့်နှင့် မောင်တောမြို့(Maungdaw)၏ အနောက်တောင်ဘက် ရေမိုင်(၃၆၅)မိုင်ခန့် အကွာပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။ 

“မုန်တိုင်းက လက်ရှိမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်မှာရှိတယ်။ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာဖို့ရှိတယ်။မုန်တိုင်းက ကုန်းတွင်းကိုဖြတ်ရင် တည့်တည့်ဖြတ်မှာမဟုတ်ဘူး။မုန်တိုင်း ဖြတ်နေတဲ့ အချိန် မှာ ဟိမဝန္တာဘက်ကလေအေးတွေ က ဝင်နေတယ်။ လေအေးရှိတဲ့ အတွက် မုန်တိုင်းကမ်းကပ်နေတဲ့ အချိန်မှာ မုန်တိုင်းရဲ့အားကနည်းနည်းလျော့သွားနိုင်တယ်။ လေအေးတွေ ဖိသွားတဲ့အတွက် တည့်တည့်မသွားပဲ ကမ်းစပ်တလျှောက် အရှေ့မြောက်ကိုကွေ့သွားမယ့် အနေအထားမျိုး တွေ့ရတယ်’’ ဟုဦးလှထွန်းက ပြောသည်။

 

မုန်တိုင်းက အရှေ့မြောက်ဘက်ဦးတည်ပါက စစ်တကောင်းနှင့် မောင်တောကြားရောက်နိုင်ချေရှိသည်ဟုခန့်မှန်းရကြောင်း၊ ထိုသို့ ရောက်သည့် အချိန်သည် မုန်တိုင်းငယ်အဆင့်အဖြစ်သာ ရောက်နိုင်ကြောင်း၊  မုန်တိုင်းငယ်၏  ဗဟိုချက် လေတိုက် နှုန်းမှာ တစ်နာရီ ၃၅ မိုင်မှ မိုင်၄၀ ကြား ရှိနိုင်ကြောင်း သိရသည်။ 

ဦးလှထွန်းက “မုန်တိုင်းလမ်းကြောင်း ကိုကျွန်တော်တို့ဌာန အနေနဲ့စောင့်ကြည့်ပြီး ဆက်တိုက်ထုတ်ပြန်ပေးနေတယ်။ မုန်တိုင်း နဲ့ပတ်သက်တဲ့ဆိုရှယ်မီဒီယာက သတင်းတွေကိုကြည့်ပြီး ပြည်သူတွေ အရမ်းမစိုးရိမ်ပါနဲ့ မုန်တိုင်းကလေအေးဖိအားကြောင့် လမ်းကြောင်းပြောင်းပြီး စစ်တကောင်းနဲ့ မောင်တောဘက်ကို ဖြတ်ရင် တောင် အဲ့ဒိအချိန်မှာ မုန်တိုင်းက အားပျော့သွားပါပြီ။ အဲ့လိုမုန်တိုင်းဖြတ်မှာသေချာရင် ကျွန်တော်တို့ဌာန အနေနဲ့ မုန်တိုင်းကလိမ္မော်ရောင်အဆင့်ဆိုပြီး ထုတ်ပြန်သွားမှာပါ’’ ဟုပြောသည်။

မုန်တိုင်းအားပျော့တာနှင့် မိုးလည်းရပ်သွားမည်ဖြစ်ပြီး လက်ရှိမုန်တိုင်းမိုးကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ် အနှံ့အပြားတွင် မိုးရေရရှိခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက်ပိုနိုင်ကြောင်း၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ကြောင်း၊  လှိုင်း အမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့် နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉)ပေခန့် ရှိနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.