Connect with us

Environment, Disasters & Accidents

ဖားကန့် မြေစာပုံ ပြိုကျမှု သုံးရက်အတွင်း သေဆုံးသူ ၁၁၃ ဦးထိ ရှိလာဟုဆို


ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကန်ခါ ဒေသရှိ ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းမှ စွန့်ပစ် မြေစာပုံ ပြိုကျမှုသည် သုံးရက်အတွင်း သေဆုံးသူ ၁၁၃ ဦး ထိရှိလာကြောင်း ကချင်ပြည်နယ် လုံးခင်း နယ်မြေ ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

“ဒီနေ့ ယောက်ျားလေး အလောင်း (၈) လောင်း ထပ်တွေ့ထား ပါတယ်၊ သုံးရက်အတွင်း ၁၁၃ ရှိပြီ၊ မနက်ဖြန် ကယ်ဆယ်ရေးတွေ ထပ်လုပ်မှာပါ၊ သေဆုံးသူ အားလုံး တိုင်းရင်းသားတွေ များတယ်” ဟု လုံးခင်း နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။

ဖားကန့် မြေစာပုံ ပြိုကျမှုကြောင့် ပျောက်ဆုံး နေသူများအား ရှာဖွေ နေကြစဉ် (ဓာတ်ပုံ-မြဝတီ)

အဆိုပါ မြေစာပုံ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် (၃)နာရီ အချိန် ဝန်းကျင်တွင် ပြိုကျခဲ့ပြီး မြေစာပုံ အောက်ခြေတွင် နေထိုင်သော ရေမဆေးကျောက် ရှာဖွေနေသော ရွေ့ပြောင်း လုပ်သား ရာဂဏန်း ဝန်းကျင်ခန့် နေထိုင်နေကြောင်း သက်ဆိုင်ရာ အာဏာပိုင်များ ထံမှ သိရသည်။

လက်ရှိတွင် ဘတ်ဟိုးကား ၁၄ စီး နှင့် မြို့နယ် တာဝန်ရှိသူများ ၊ လူမှုကူညီရေး အသင်းများက လူအင်အား ၂၅၀ နှင့် ၃၀၀ ကြား အင်အားသုံးကာ ရှာဖွေ နေကြောင်း သိရသည်။ (Xinhua)