Connect with us

Environment, Disasters & Accidents

၂၀၂၀ပြည့်နှစ်တွင် မုတ်သုံအဝင်နောက်ကျသည့်အတွက် မုတ်သုံမဝင်မီကာလ တိုင်းဒေသကြီး နှင့် ပြည်နယ်များ၌ မိုးသက်လေပြင်းများ ကျရောက်နိုင်ဟု ဆို 

ရန်ကုန်မြို့တွင် ထီးဖြင့်သွားလာနေကြသူအချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

၂၀၂၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မုတ်သုံအဝင် နောက်ကျလျက်ရှိကြောင်း၊ ထိုသို့ မုတ်သုံနောက်ကျသည့်အတွက် မုတ်သုံမဝင်ခင်ကာလအတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် မိုးသက်လေပြင်းကျတာမျိုးဖြစ်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးဦးလှထွန်းက မေ ၂၈ ရက်တွင်ပြောကြားသည်။

ဦးလှထွန်းက “ဒီ၂၀၂၀ ပြည့်နှစ် က တစ်နိုင်ငံလုံးမှာ မုတ်သုံအဝင်နောက်ကျတယ်။ ဒီတော့ အပူချိန်မြင့်တယ်။ ဒီတော့ မိုးသက်လေပြင်းကျတယ်။ မနေ့ က ရန်ကုန်မှာ မိုးသက်လေပြင်းကျတယ်။ သစ်ပင်တွေကျိုးတယ်။ ဓာတ်တိုင်တွေ ကျိုးတာတွေ က မုတ်သုံနောက်ကျလို့ မိုးကြိုကာလ ရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေ ဖြစ်တယ်’’ ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။ 

အနောက်တောင်မုတ်သုံလေသည် ဇွန် ၁ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများသို့လည်းကောင်း၊ ဇွန် ၆ ရက် မှ ၁၀ ရက် အတွင်း မြန်မာတစ်နိုင်ငံလုံးသို့လည်းကောင်း အသီးသီးဝင်ရောက်နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က မေ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

ဦးလှထွန်းက “ရာသီဥတုတွေပြောင်းလဲလာတဲ့ အတွက် မုတ်သုံအဝင်တွေ နောက်ကျပြီး မုတ်သုံကာလ တိုတောင်းလာတာဖြစ်တယ်။’’ ဟုဆိုသည်။ 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် (၂၁)ရက်မှ (၂၆)ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် (၁၅)ရက်မှ (၂၀)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်အရ သိရသည်။  (Xinhua)