Connect with us

Myanmar

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပီတန်းအားကစားနည်းမှ မခင်ချယ်ရီသက်က မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုဆွတ်ခူးရရှိ

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပီတန်းအားကစားမှ ရွှေတံဆိပ်ဆုရ မခင်ချယ်ရီသက်ကို ဆုချီးမြှင့်နေမှုအားတွေ့ရစဉ် (ဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ မေ ၁၄ ရက် (ဆင်ဟွာ)

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ရွှေတံဆိပ်ဆုကို ပီတန်းအားကစားနည်းမှ မခင်ချယ်ရီသက်က ဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ သိရသည်။

“ပီတန်းအားကစားနည်းမှ မခင်ချယ်ရီသက် က ဒုတိယမြောက် ရွှေတံဆိပ်ဆုအား ဆွတ်ခူးတာပေါ့။ ဆီးဂိမ်းက အားကစားသမားတွေလည်း အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်နေကြပါတယ်။ ယှဉ်ပြိုင်နေကြတဲ့ အားကစားသမားတွေကိုလည်း ကျွန်တော်တို့ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင်တက်ရောက်အားပေးနေပါတယ်’’ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန မှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဆင်ဟွာသို့ ယနေ့ မေ ၁၄ ရက်တွင် ပြောသည်။

ပီတန်းအားကစားသမား မခင်ချယ်ရီသက်သည် ပွဲဦးထွက်ပြိုင်ပွဲတွင် ပြိုင်ဘက်အသင်းများဖြစ်သော ငါးနိုင်ငံမှ အသင်းများနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ရမှတ်အများဆုံးဖြင့် နံပါတ် ၁ နေရာရရှိခဲ့သည်။ ထို့နောက် ၎င်းသည် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် နံပါတ် ၄ နေရာ၌ရှိသော ကမ္ဘောဒီးယားနိုင်ငံမှ အားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။

ဗိုလ်လုပွဲ ပွဲစဉ်တွင်မူ လာအိုအသင်းမှ အားကစားသမားနှင့် ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြရာ မခင်ချယ်ရီသက်က အနိုင်ရရှိပြီး မြန်မာနိုင်ငံအတွက် ဒုတိယမြောက်ရွှေတံဆိပ်အားဆွတ်ခူး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)