Connect with us

Myanmar

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ၁.၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) များ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူများကို သိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးများနှင့်အတူတွေ့ရစဉ် (ဓာတ်ပုံ-CCDAC Myanmar)

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ၁.၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) များ ဖမ်းဆီးရမိ ခဲ့ကြောင်း မူးယစ်ဆေးအလွဲသုံးစွဲမှုဗဟိုကော်မတီ (CCDAC Myanmar) ၏ စက်တင်ဘာ ၁၄ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၇ ရက်၊ ညနေ ၄ နာရီခွဲအချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်လေဆိပ်တွင် မဖြိုးကေသီကျော် သယ်ဆောင်လာသည့် ရန်ကုန်သို့တင်ပို့မည့် စက္ကူဂျပ်ဖာကို ရှာဖွေစစ်ဆေးရာ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၈၅၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၇.၈ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီအချိန်က ပူးပေါင်းအဖွဲ့သည် သတင်းကွင်းဆက်အရ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် မမူမူကြူ(ခ)နန်းလောင်ငင်၊ စိုင်းဝိလတ်၊ မမီညားတို့ ၃ ဦးအား Toyota Crown မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉,၃၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၈.၅၂ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ၄ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် ဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)