Connect with us

Myanmar

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၇,၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂.၇ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလိုဂရမ် ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ- CCDAC Myanmar)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၇,၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂.၇ သိန်းနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) ၏ နိုဝင်ဘာ ၁၅ ရက် ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၈ ရက်၊ နံနက် ၉ နာရီအချိန် ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် ပင်လောင်းမှ တပ်ကုန်းဘက်သို့ မောင်းနှင်လာသည့် လူ ၄ ဦးလိုက်ပါလာသည့် TOYOTA HIACE မော်တော်ယာဉ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာတွင် ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၇,၁၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ .၇ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ကီလိုဂရမ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက်ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ တစ်ဦးအား ပဲခူးမြို့ရှိ ၎င်း၏နေအိမ်တွင် Probox ယာဉ် ၁ စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ မွန်ပြည်နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီးရမိသူတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)