Connect with us

Politics, Law & Military

ရေကြီးရေလျှံမှု များဖြစ်ပေါ်ရခြင်းအကြောင်းရင်းများကို ဖော် ထုတ်ရာ၌ ပြည်ထောင်စု နှင့်ပြည်နယ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှာကြား


ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ရေကြီးရေလျှံမှု များဖြစ်ပေါ်ရခြင်းအကြောင်းရင်းများကို ဖော် ထုတ်ဖြေရှင်းဆောင်ရွက်ရာတွင် ပြည်ထောင်စု နှင့်ပြည်နယ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ကရင်ပြည်နယ်သို့ရောက်ရှိစဉ် မှာကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် ပြည်နယ်အစိုးရ အဖွဲ့ဝင် များနှင့်တွေ့ဆုံပြီး ယခုကာလတွင် ရာသီဥတုပြောင်းလဲမှုကြောင့် ရေကြီးရေလျှံမှုများဖြစ် ပေါ်လျက်ရှိကြောင်း၊ ယခင်က ဖြစ်လေ့ဖြစ်ထ မရှိခဲ့သော်လည်း ယခုအခါ ယခင်က မဖြစ်ဘူးသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ယင်းပြောင်းလဲမှုများမှာ ပုံမှန်သဘော ဖြစ်လာမည်ဖြစ်ပါကြောင်း၊မြစ်ကြောင်းတိမ်ကောမှုများကြောင့် ရေလျှံရသည်ဆိုလျှင်လည်း မြစ်ကြောင်းတူးဖော်ပြုပြင်ထိန်းသိမ်းခြင်းများဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ဆက်လက်ပြီး ရေကြီးရေလျှံမှုကြောင့် တံတားများကျိုးပျက်ခြင်းများ ကြုံတွေ့ရသဖြင့် အများပြည်သူသွားလာရေး၊ သယ်ယူပို့ ဆောင်ရေး အခက်အခဲမဖြစ်စေရေး အမြန်ဆုံး ပြုပြင်တည်ဆောက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကရင်ပြည်နယ်ရှိ ရေဘေးရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံ ( နိုင်ငံတော်၏အတိုင်ပင်ခံရုံး)

ထို့ပြင် ကရင်ပြည်နယ်၏ သဘာဝအားသာချက်များကို စီးပွားရေးအခွင့်အလမ်းများ အဖြစ် ပြောင်းလဲနိုင်ရေး၊ စိုက်ပျိုးရေးထွက်ကုန်အခြေခံ ကုန်ထုတ်စက်မှုလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်ရေး၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ပိုမိုသင်ကြားနိုင်ရေးအတွက် အခြေခံအဆောက်အဦများ ဖြည့်တင်းတည်ဆောက်ရေး ကိစ္စရပ်များတွင် ပြည်ထောင်စု အစိုးရနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် ၎င်းက လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေး ရှောင်ပြည်သူများအား တွေ့ဆုံ အားပေးစကားပြောကြားကာ စားနပ်ရိက္ခာ၊ ထောက်ပံ့ပစ္စည်း နှင့် အလှူငွေများ ပေးအပ်သည်။ဘားအံမြို့ပေါ်တွင် ရေဘေးကယ်ဆယ်ရေးစခန်း (၁၁)ခုဖွင့်လှစ်ထားရှိပြီး အိမ်ထောင် စုပေါင်း ၁,၁၈၂ စုမှ လူဦးရေ ၆,၁၆၀ အား လက်ခံကူညီထောက်ပံ့ပေးထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.