Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  စည်ပင်သာယာရေးအဖွဲ့က အင်ဂျင်နီယာနှစ်ဦးအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရင် အမှတ်တံဆိပ်အား တွေ့ရစဉ်( ဓာတ်ပုံ- အဂတိတိုက်ဖျက်ရေးကော်မရှင်)

ရန်ကုန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့က အင်ဂျင်နီယာနှစ်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူး တစ်ဦးကို  မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးအလွဲသုံးစားပြုလုပ်မှုကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ခဲ့ကြောင်း အဂတိတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်သော သတင်းအရ သိရသည်။

မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့သည် ၂၀၁၈-၂၀၁၉ ပထမ(၆)လပတ် ဘတ်ဂျက်ဖြင့် မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးအလွဲသုံးစားပြုလုပ်ခြင်းအပေါ် စိစစ်ဖော်ထုတ်ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားမှု အရ အကော်မရှင်ကစုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးဇော်သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မီနီဘတ်ဂျက် အမှိုက်ကျင်းပြင်ဆင်ခြင်းလုပ်ငန်းတွင် အမှိုက်ကျင်းဟောင်းပြင်ဆင်ခြင်းအတွက် မူလခွင့်ပြုငွေမှ ငွေကျပ်သိန်း(၁၅၀)ကို ငွေလက်ခံရယူသူ လက်မှတ်မပါရှိဘဲ  အမှန်တကယ် ပေးချေခဲ့ခြင်း မရှိသည့် ငှားရမ်းခပြေစာ (၂)စောင် အသုံးပြု၍ ထုတ်ယူခဲ့ပြီး Dozer ငှားရမ်းခ ငွေကျပ် (၁၅)သိန်းသာ ပေးချေခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေမှ ငွေကျပ် (၁၃၅)သိန်း နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အငယ်တန်းအင်ဂျင်နီယာ-၂ ဦးမျိုးဇော် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးမျိုးဇော်မှငွေကျပ် သိန်း(၁၅၀) တင်ပြတောင်းခံခဲ့ရာတွင် ငွေထုတ်ယူ ခွင့်ပြုခဲ့သည့် အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင် အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း၊ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မိတ္ထီလာမြို့၊ ပေါက်ချောင်း ရပ်ကွက်ရှိ နယ်မြေ ၂  နှင့်  ၃ တို့၌ အရှည် ပေ (၃၀၀၀)၊ အကျယ်(၁၆)ပေ၊ အမြင့်(၆)လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် တင်ဒါခေါ်ယူခြင်းမရှိခြင်း၊ ဘတ်ဂျက်ခွင့်ပြုငွေမှ ပိုလျှံငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲမှု မရှိခြင်းတို့ကြောင့်  နိုင်ငံတော် ဘဏ္ဍာငွေမှ ငွေကျပ် ၆,၇၁၀,၀၇၄ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်စေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အင်ဂျင်နီယာမှူး ဦးမြင့်ဝင်း အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ ဦးမြင့်ဝင်းက ရာထူးတာဝန်အရ ပေါက်ချောင်းရပ်ကွက်၌ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ရာတွင် ငွေထုတ်ယူခွင့်ပြုခဲ့သည့် အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တင် အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရ လည်းကောင်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့မရဲစခန်းတွင် သြဂုတ် ၆ ရက်နေ့၌ ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.