Connect with us

Politics, Law & Military

တိုင်းပြည် မငြိမ်းချမ်း၍ ဖွံ့ဖြိုးရေးကို အင်တိုက်အားတိုက် မလုပ်ဆောင်နိုင်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဆို

တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးတို့ တွေ့ဆုံနေစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

တိုင်းပြည် မငြိမ်းချမ်း၍ ဖွံ့ဖြိုးရေးကို အင်တိုက်အားတိုက် မလုပ်ဆောင်နိုင်ဟု တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားသည်။

ယခုလက်နက်ကိုင် ပဋိပက္ခများသည် တိုင်းရင်းသားများကို တိုက်ခိုက်နေခြင်းမဟုတ်ဘဲ ယခင်ကလည်း ဗကပများကို တိုက်ခိုက်ခဲ့သည့် သာဓကဖြစ်စဉ်များရှိကြောင်း၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့များကို ဆန့်ကျင်နေပါက ကာကွယ်တိုက်ခိုက် ရမည်ဖြစ်ကြောင်း၊ ယခုငြိမ်းချမ်းရေးဆွေးနွေးနေသည့် ကာလတွင် သတ်မှတ်နယ်မြေကျော်လွန်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်စေခြင်း၊ အုပ်ချုပ်မှုယန္တရားကို ထိပါး နှောက်ယှက်ခြင်းများ ကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိတိုက်ပွဲဖြစ်စဉ်များမှာလည်း ယင်းအချက်အလက်များကို လုပ်ဆောင်လာမှုများကြောင့် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒရှိပြီး ငြိမ်းချမ်းရေးသည် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးနှင့် သက်ဆိုင်ပါကြောင်း၊ မိမိတို့အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

အကြမ်းမဖက်သော ငြိမ်းချမ်းရေးလမ်းစဉ်ကို ထောက်ခံပြီး လိုက်ပါလျှောက်လှမ်းရန် တိုက်တွန်းလိုကြောင်း၊ မည်သည့်အဖွဲ့အစည်း၏ နာကြည်းမှုများပင်ဖြစ်စေ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ယုံကြည်မှုတည်ဆောက်ကာ ဖြေရှင်းနိုင်ကြောင်း ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်ဘိုက ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီးနှင့်အတူ တောင်ကြီး၊ မော်လမြိုင်၊ လားရှိုး၊ ချင်း စသည့် သာသနာ့နယ်များမှ ကက်သလစ်ဆရာတော် ၄ ပါးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.